ကြာအင်းဆိပ်ကြီး ၂၂ ဇူလိုင်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသွင်ပြောင်း ပိုလီယိုပိုးကူးစက်မှုကို ဖြတ်တောက်ရန် ရည်ရွယ်၍ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်းကို ဒုတိယအကြိမ်အဖြစ် ဆက်လက်တိုက်ကျွေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စု ကျေးရွာများစုရပ်များနှင့် အိမ်တိုင်ရာရောက် သွားရောက်ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများက လိုက်လံတိုက်ကျွေးလျက်ရှိသည်။
အဆိုပါ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းကို မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေးများအားလုံးကို အပိုဆောင်း (၃)ကြိမ်ကို တစ်ကြိမ်နှင့် တစ်ကြိမ် (၂)ပတ်ခြား၍ တိုက်ကျွေးသွားမည်ဖြစ်သည်။ ယခုဒုတိယအကြိမ်အဖြစ် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ ဆေးတိုက်ကျွေးမည်ဖြစ်ပြီး တတိယအကြိမ်ကို သြဂုတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


