ရိခေါ်ဒါရ်  ၂၂  ဇူလိုင် 

 

"လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက် မွန်းလွဲ ၂ နာရီက ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလာလ်ပက်လောမ်က ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေ၊ ပုဒ်မ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို လည်းကောင်း၊ ရိခေါ်ဒါရ် တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များ၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီး နှောင့်ယှက်စေမှုများကို လည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။

 

ထို့နောက် နယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးမန်ကျင်းပြောင်က ကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ မြို့အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်လူငယ်များ၊ ရပ်ကွက်ပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

လာလ်ပက်လောမ်(ပြန်/ဆက်)