စင်ကာပူ ၂၂ ဇူလိုင်
စင်ကာပူနိုင်ငံတွင် ဇူလိုင် ၁၈ ရက်က ကျင်းပပြုလုပ်သည့် Asian Banking and Finance (ABF) ဆုပေးပွဲ အခမ်းအနား၌ ကမ္ဘောဇဘဏ်သည် (၁၄)ကြိမ်မြောက် ရွေးချယ်ပေးအပ်သော တစ်နှစ်တာအတွင်း အကောင်းဆုံး ABF Retail Banking Awards များတွင် အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးကဏ္ဍ ပေါ်ပေါက်လာရေး ရှေ့ဆောင်လှုပ်ရှားမှုများအတွက် ဂုဏ်ပြုချီးမြှင့်သည့် Financial Inclusion Initiative of the Year – Myanmar ဆုအပြင် မိုဘိုင်းဘဏ်စနစ် တိုးတက်ကောင်းမွန်ရေး ရှေ့ဆောင်လှုပ်ရှားမှုများအတွက် Mobile Banking Initiative of the Year ဆုများဖြင့် ထပ်ဆင့်ဂုဏ်ပြုခံခဲ့ရသည်။ တစ်ချိန်တည်းမှာပင် (၈)ကြိမ်မြောက် ပေးအပ်သည့် ABF Wholesale Banking Awards ဆုများတွင်လည်း တစ်နှစ်တာအတွင်း အကောင်းဆုံး ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်းဝန်ဆောင်မှု ပေးအပ်လျက်ရှိသော ပြည်တွင်းဘဏ်အနေဖြင့် Myanmar Domestic Trade Finance Bank of the Year ဆုကြီးကိုလည်း ကမ္ဘောဇဘဏ်က ဆွတ်ခူးရရှိခဲ့သည်။
အာရှထိပ်တန်း ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်းတစ်ခုဖြစ်သော Asian Banking and Finance က အာရှဒေသအတွင်းရှိ wholesale နှင့် retail ဘဏ်လုပ်ငန်းနယ်ပယ်များတွင် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် လုပ်ဆောင်ချက်များနှင့် ဆန်းသစ်မှုရှိသော မဟာဗျုဟာများကို စောင့်ကြည့်လေ့လာပြီး နှစ်စဉ် ဆုပေါင်းများစွာ အသိအမှတ်ပြု ပေးအပ်လျက်ရှိသည်။ ABF Awards 2019 ဆုပေးပွဲ အခမ်းအနားတွင် ကမ္ဘောဇဘဏ်အား KBZPay မိတ်ဆက်ခြင်းဖြင့် ကြီးမားသည့် ချိတ်ဆက်ပေါင်းစည်းမှုများ ဖန်တီးပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးကဏ္ဍ ပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှုအသစ် လေးခုကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ကာ ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများအတွက် အကောင်းဆုံးရလဒ်များ ဆောင်ကျဉ်းပေးနိုင်ခဲ့သော စွမ်းဆောင်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုဆုသုံးဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘောဇဘဏ်ကိုယ်စား ABF ဆုများ လက်ခံရယူခဲ့သည့် KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကိုက “ကမ္ဘာ့အဆင့်မီ ဘဏ်ဝန်ဆောင်မှုပေးဖို့ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဘဏ်လုပ်ငန်း လုပ်ကိုင်သူတွေ ကြားမှာ ကမ္ဘောဇဘဏ်က နှစ်စဉ်နှစ်တိုင်း အခုလို အသိအမှတ်ပြု ချီးမြှင့်ခံရတဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ အခု ကျွန်တော်တို့ လက်ခံရရှိတဲ့ဆုတွေဟာ မိုဘိုင်းဦးစားပေး စီးပွားရေးစနစ်တစ်ခု အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာနေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဒစ်ဂျစ်တယ်နဲ့ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လုံခြုံမှုရှိရှိ ထိတွေ့အသုံးပြုနိုင်အောင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်မိတ်ဆက်ပေးခဲ့ရုံတင်မက ဒစ်ဂျစ်တယ်နဲ့ငွေကြေးဆိုင်ရာ အကြောင်းအရာတွေကို သေသေချာချာ နားလည်တတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကြောင့် လက်ခံရရှိခဲ့တာပါ။ ကျွန်တော်တို့ ဘဏ်ဝန်ဆောင်မှု အသုံးပြုသူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးပေးနေတဲ့ ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှုအသစ်တွေနဲ့အတူ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘဝအခြေအနေတွေ ပိုပြီးတိုးတက်ကောင်းမွန်လာအောင် ဈေးကွက်ဦးဆောင်တဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ၊ အတွေ့အကြုံတွေနဲ့ ဆက်ပြီး မိတ်ဆက်ပေးသွားပါမယ်” ဟု ပြောသည်။
ယခုနှစ်အတွက် ABF ဆုများ အကဲဖြတ်ရွေးချယ်သည့်အဖွဲ့တွင် Deloitte ၊ Ernst & Young နှင့် PwC ကဲ့သို့သော ကမ္ဘာ့အကြီးဆုံး စာရင်းအင်းနှင့် အကြံပေးလုပ်ငန်းစုအချို့မှ ဘဏ်လုပ်ငန်းနယ်ပယ်အတွင်း ဦးဆောင်လုပ်ကိုင်နေသူများ ပါဝင်သည်။ ဆုချီးမြှင့်ရန် လျာထားခံရသူများအား အကဲဖြတ်လေ့လာရာတွင် ထူးခြားသည့် တီထွင်ဆန်းသစ်မှု၊ ထိရောက်သည့် အကျိုးရလဒ်နှင့် အင်တိုက်အားတိုက် လုပ်ဆောင်မှု စသည့်အချက်များအပေါ် အဓိကထား စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
MDN


