တောင်ကြီး ၂၂ ဇူလိုင် 


စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA) နှင့် ရာသီဥတုပြောင်းလဲမှုဗဟိုဌာန၊ Korea Climate Change Center တို့ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ (Inception Workshop) နှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် (၂၂) နံနက် (၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

11111

 


ရှေးဉီးစွာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုဗဟိုဌာနတို့ ၂၀၁၉ ခုနှစ် မတ်လ(၂၅)ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့မှုအရ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် မြန်မာနိုင်ငံတွင်း စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း စတင်နိုင်ရန်အတွက် Local Stakeholder များအား စီမံကိန်းနှင့်စပ်လျဉ်းပြီး ရည်ရွယ်ချက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ မျှော်မှန်းရရှိလာမည့် အကျိုးကျေးဇူးများကို စီမံကိန်းနှင့်ဆက်စပ်လျက်ရှိသော ခရိုင်/မြို့နယ်များမှ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ခရိုင်/မြို့နယ်အလိုက် တာဝန်ရှိသူများအား အသိပေးရှင်းလင်းတင်ပြရန် အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြမည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်းကို ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုတွင် ဆောင်ရွက်သွားမည်ကို သိရှိရပါကြောင်း၊ ခရိုင်မြို့နယ် တာဝန်ရှိသူများမှ မရှင်းလင်းသည့်အချက်များအား သိရှိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာ ပါဝင်ဆွေးနွေးကြရန်နှင့် (၇)နှစ် စီမံကိန်းဖြစ်ပြီး ကြီးမားသည့် စီမံကိန်းဖြစ်သည်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများကလည်း စီမံကိန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ထိထိရောက်ရောက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

1

 


ဆက်လက်၍ စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန Team Manager Ms. Seohee Sun မှ နှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် စွမ်းအားမြှင့်မီးဖို၏ အသုံးဝင်ပုံအား မြန်မာနိုင်ငံ စဉ့်အသင်း ဦးမြင့်အောင်မှ ရှင်းလင်းဆွေးနွေးပြီး စွမ်းအားမြှင့်မီးဖို လက်တွေ့သရုပ်ပြသခြင်းနှင့် မီးဖိုများဖြန့်ဖြူးရေးနှင့်ပတ်သက်၍ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်၊ စိုက်ပျိုးရေးဌာနမှ ရှင်းလင်းတင်ပြကာ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)