ရေနံချောင်း ၂၂ ဇူလိုင်
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ ဦးဆောင်မှုဖြင့် ရေနံချောင်းမြို့ စိမ်းလန်းစိုပြည်ရေးနှင့် အပူချိန်လျော့ချရေးအတွက် ရွှေပါရမီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ရေနံချောင်းမြို့၌ ပြုလုပ်ရာ အရိပ်ရပင် ၁၃၅၀ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို ဆရာတော်အရှင်ဆန္ဒာဓိက၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် ဦးသိန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထူးနိုင်တို့က သစ်ပင်စိုက်ပျိုးမည့် ဖူးစာကုန်းတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ဖူးစာကုန်ပေါ်ရှိ ယာယီမဏ္ဍပ်၌ ဆရာတော်အရှင်ဆန္ဒာဓိက က သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို မိန့်ကြားတော်မူသည်။
ရွှေပါရမီသစ်ပင်စိုက်ပျိုးပွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သရုပ်ဆောင်နေထူးနိုင်နှင့် မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ပို့ဇာတ်ရံများ၊ တပည့်ဒါယကာ ဒါယိကာမများက ဥတုလွင်ပြင် “စိန်းစိုရွှင်ဖို့ သစ်ပင်စိုက်မည် ရွှေပါရမီ” ဆောင်ပုဒ်ဖြင့် အမြင့် ၁၅ ပေရှိ ခရေပင် ၆၀ ပင်၊ အမြင့် ၇ ပေရှိ ခရေပင် ၁၅၀ ပင်၊ အမြင့် ၅ ပေရှိ ယိုဒယားခရေပင် ၂၀ ပင်၊ အမြင့် ၅ ပေရှိ ခရေပင် ၁၀ဝ၀ ပင်၊ အမြင့် ၇ ပေရှိ ငုဝါပင် ၂၀ ပင်၊ အမြင့် ၇ ပေရှိ ဗာဒံပင် ၇၅ ပင်၊ အမြင့် ၅ ပေရှိ စိန်ပန်းပြာပင် ၅ ပင်၊ အမြင့် ၅ ပေရှိ စိန်ပန်းနီပင် ၁၀ ပင်နှင့် အမြင့် ၄ ပေရှိ ထိုင်ဝမ်ဗာဒံပင် ၁၀ ပင် စုစုပေါင်းအရိပ်ရပင် ၁၃၅၀ ပင်ကို ဖူးစာကုန်၊ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၄)အနီး၊ ကျောက်စာရုံကုန်းတော်နှင့် ဘိုကုန်းရပ်ကွက်တို့၌ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


