ပွင့်ဖြူ  ၂၂ ဇူလိုင်


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာအုပ်စု မြင်းခြံစုကျေးရွာ၊ ရွှေလှေကျေးရွာအုပ်စု ဂါတ်ကုန်းကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု ထူးကျေးရွာ၊ ဘီးဇပ်ခုံကျေးရွာ၊ သံကိုင်းကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာတို့တွင် ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက ဧရာဝတီမြစ်ကမ်းပါး ပြိုကျလာမှုကြောင့် လူနေအိမ် ၃၅ လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။ 

 

1

 


အဆိုပါ ကျေးရွာများသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် ကျေးရွာများဖြစ်သည့်အတွက် ဒေသခံ ကျေးလက်နေပြည်သူများအနေဖြင့် ယခုလို မြစ်ကမ်းပါးပြိုကျမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက မြစ်ကမ်းပါးပြိုကျမှုမှာ ကျေးရွာများနှင့် အလွန်နီးကပ်လာသဖြင့် ဒေသခံပြည်သူများ အန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများနှင့် ကျေးရွာရှိ လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပူးပေါင်းကာ မြင်းခြံစုကျေးရွာတွင် လူနေအိမ် ၂၁ လုံး၊ ဂါတ်ကုန်းကျေးရွာတွင် လူနေအိမ် ၇ လုံး၊ ထူးကျေးရွာတွင် လူနေအိမ် ၄ လုံး၊ ဘီးဇပ်ခုံကျေးရွာတွင် လူနေအိမ် ၁ လုံး၊ သိမ်ကုန်း ကျေးရွာတွင် လူနေအိမ် ၂ လုံး စုစုပေါင်း လူနေအိမ် ၃၅ လုံးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြစ်ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။ 


ရဲဝင်းနိုင် (ညောင်ဦး)