မိုးမောက် ၂၂ ဇူလိုင်

 


ကချင်ပြည်နယ် မိုးမောက်မြို့နယ်၌ ဇူလိုင် ၁၉ ရက်မွန်းလွဲပိုင်းက တာပိန်မြစ်အတွင်း ဓာတ်ပုံဆင်းရိုက်စဉ် ရေစီးနှင့်မျောပါသွားသူနှစ်ဦးအနက် တစ်ဦးအားသေဆုံးလျက်ရှာဖွေတွေ့ရှိပြီး တစ်ဦးအားအသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း မိုးမောက်မြို့မရဲစခန်းမှ သိရသည်။

 


ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက်မွန်းလွဲပိုင်းက စွမ်းဆောင်နိုင် (၂၂ နှစ်)၊ သီဟကျော်ဆွေ (၂၅ နှစ်)နှင့် မြို့သစ်တိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အထက်တန်းသူနာပြု မသက်သက်ဇင် (၂၈ နှစ်တို)သုံးဦးသည် မိုးမောက်မြို့နယ်၊ ရွယ်ကထောင်ကျေးရွာအနီး တာပိန်မြစ်သို့ရောက်ရှိစဉ် မသက်သက်ဇင်နှင့် စွမ်းဆောင်နိုင်တို့နှစ်ဦးမှာ မြစ်အတွင်းဓာတ်ပုံဆင်းရိုက်ရာမှ ရေစီးနှင့်မျောပါပျောက်ဆုံးနေကြောင်း သတင်းအရ မိုးမောက်မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းရှာဖွေခဲ့သည်။ 

 


ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီခွဲတွင် မိုးမောက်မြို့နယ်၊ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် နယ်မြေခံတပ်စခန်းအနီး အမျိုးသားတစ်ဦး လမ်းလျှောက်လာသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် ၎င်းမှာ တာပိန်မြစ်အတွင်း အထက်တန်းသူနာပြုဆရာမ မသက်သက်ဇင်နှင့်အတူ ရေစီးနှင့်မျောပါလာသည့် စွမ်းဆောင်နိုင်ဆိုသူဖြစ်ကြောင်း သိရှိရသည်။

 


စွမ်းဆောင်နိုင်၏ ပြောပြချက်အရ ရေစီးနှင့်မျောပါသွားသူ မသက်သက်ဇင်အား လိုက်လံဆယ်ယူရာမှ နှစ်ဦးစလုံး ရေစီးနှင့်မျှောပါသွားခြင်းဖြစ်ပြီး ၎င်းမှာ ကျောက်ဆောင်နှင့်ညပ်ကာ ကျန်ရှိနေခဲ့ကာ မသက်သက်ဇင်မှာ ဆက်လက်မျောပါသွားခဲ့ကြောင်း၊ ၎င်းမှာ ရေစီးနှင့်မျောပါစဉ် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ချောင်း၏ဘယ်ဘက်ကမ်းသို့ တက်ရောက်၍ ခြေဦးတည့်ရာ ထွက်ခွာလာရာမှ ယခုတပ်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရ၍ တာဝန်ရှိသူများမှ မိုးမောက်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ရေစီးနှင့်မျောပါသွားသူ မသက်သက်ဇင်အား ဆက်လက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 


မသက်သက်ဇင်အား ရှာဖွေစုံစမ်းနေစဉ်အတွင်း ဇူလိုင် ၂၀ ရက် ည ၁၁ နာရီခွဲက ရွယ်ကထောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးယော်နန်မှ အမျိုးသမီးလူသေလောင်းတစ်လောင်း ရေစီးနှင့်မျောပါလာကြောင်း ဆက်သွယ်အကြောင်းကြားခဲ့၍ မိုးမောက်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးမျိုးသန်းနှင့် သက်သေများက သွားရောက်စစ်ဆေးရာ သေဆုံးသူမသက်သက်ဇင်မှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဘဲ ရေနစ်သေဆုံးသည့် လဏ္ခာတွေ့ရှိခဲ့ကာ မသက်သက်ဇင်၏ရုပ်အလောင်းအား မိုးမောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ မိုးမောက်မြို့မရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)