နေပြည်တော် ၂၂ ဇူလိုင်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် (၁၄)ရက်မှ (၁၅) ရက်အထိ ဘူတန်နိုင်ငံ၊ ပါရိုမြို့တွင် ကျင်းပသည့် (၄၈)ကြိမ်မြောက် အေစီယူဒါရိုက်တာ အဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ အေစီယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ အီရန်၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် မော်လဒိုက်နိုင်ငံများ၏ ဗဟိုဘဏ်များမှ ဒါရိုက်တာ အဖွဲ့ဝင် ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလားအလာ၊ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အေစီယူ၏ ဆောင်ရွက်မှုများနှင့် တိုးတက်အောင်မြင်မှု၊ အေစီယူစနစ်အတွင်း ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ပိုမိုအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးဆိုင်ရာများ၊ ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား စည်းမျဉ်းဆိုင်ရာထိန်းကျောင်းမှု၊ ဗဟိုဘဏ်များအနေဖြင့် ငွေရေးကြေးရေးနည်းပညာ တိုးတက်လာမှုများနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး၊ အေစီယူ၌ အဖွဲ့ဝင်နိုင်ငံများ ပိုမိုတိုးတက်လာစေရေးနှင့် အားကောင်းခိုင်မာလာစေရေးဆိုင်ရာတို့နှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


