မုံရွာ ၂၂ ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုသည့် ပညာရည်ချွန်ဆုပေးပွဲကို ဇူလိုင် ၂၂ ရက် နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

1

 


ပညာရည်ချွန်ဆုပေးပွဲတွင် နိုင်ငံတော်အဆင့် အကောင်းဆုံး (၁၀)ဦးစာရင်းဝင် ကျောင်းသား/ကျောင်းသူ (၃)ဦး၊ တိုင်းဒေသကြီးအဆင့် ဘာသာတွဲအလိုက် အကောင်းဆုံး(၅)ဦးစာရင်းဝင် ကျောင်းသား/ကျောင်းသူ (၁၅)ဦး၊  ဘာသာစုံဂုဏ်ထူးရှင် (၃၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၇၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၃၃)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၃၈၃) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၁၄၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၄၇၅၀)ဦး စုစုပေါင်း (၆၅၁၇)ဦးတို့အားလည်းကောင်း၊ အောင်ချက်အကောင်းဆုံးကျောင်း (၁၄)ကျောင်း၊ အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်အထက်တန်းကျောင်း (၃)ကျောင်း၊ အောင်ချက်အကောင်းဆုံးမြို့နယ် (၃)မြို့နယ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား/ကျောင်းသူ (၁၁၅၁၀၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ(၃၉၃၁၂)ဦးရှိခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း (၃၄.၅)ရာခိုင်နှုန်းဖြင့် နိုင်ငံတော်အဆင့်တွင် တတိယအဆင့်ရရှိခဲ့ကြောင်း သိရသည်။


တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုသည့် ပညာရည်ချွန်ဆုပေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊  တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)