မန္တလေး  ၂၂  ဇူလိုင်

မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဘဏ္ဍာရေးမှူး ဦးနေထွန်းက မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဖွဲ့စည်းရွေးကောက်မည့် အကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အလုပ်အမှုဆောင် ဦးညွန့်မောင်က မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ရွေးကောက်ပွဲ ပြုလုပ်ရာတွင် ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် မဲပေးပုံ အဆင့်ဆင့်အား ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရွေးကော်ပွဲကော်မရှင်များ၊ ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမည့် ခရိုင်အသီးသီးမှ ကိုယ်စားလှယ်လောင်းများ၊ မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပြီး မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ရွေးကောက်ပွဲအတွက် မဲပေးရွေးချယ်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း အလုပ်အမှုဆောင်ကော်မတီအဖွဲ့၏ ဥက္ကဋ္ဌ ရွေးချယ်ရန်အတွက် အလုပ်အမှုဆောင် ကော်မတီပထမအကြိမ် အစည်းအဝေးကျင်းပ၍ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်မှ ဦးစိုင်းအောင်ထက်အား မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

MDN