နေပြည်တော် ၂၂  ဇူလိုင် 


သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေ ဖမ်းဆီးခြင်းကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၇ ရက်မှ ၂၀ ရက်အထိ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့အတွင်းမှ ကျွန်း/ ပိတောက်/ တမလန်းသစ်/ ခွဲသား/ ဓါးရွေ စုစုပေါင်း (၁၅ ဒသမ ၈၀၆၂) တန် နှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦးဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ 


ထို့အတူ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရဘိနယ် ငါးခုံးမချောင်းရွာ အတွင်းမှ ကျွန်းတံခါးရွက် ၃၆၇ ချပ် (၃ ဒသမ ၆၈၃၈)တန်၊ ကိုးပင်-သာဂရကားလမ်း မြောက်ဘက်ကိုက် ၁၀ဝ ခန့်အကွာမှ သစ်စက်(၁)လုံးနှင့် ဆက်စပ် ပစ္စည်းများ၊ သာဂရမြို့ အင်ဒိုင်းရပ်အတွင်းမှ ထောက်ကြံ့ခွဲသား(ဝ ဒသမ ဝ၈၇၂)တန်၊ ကျွန်းတံခါးရွက်နှင့် ထောက်ကြံ့ခွဲသား စုစုပေါင်း(၃ ဒသမ ၇၇၁)တန်၊ သစ်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့နယ် အလှော်ကျေးရွာ အနောက်တောင်ဘက်မှ ကညင်ခွဲသား (၇ ဒသမ ၈၅၁၆)တန်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် မဘိမ်းမြို့နယ် ရွှေလီမြစ်အတွင်းမှ ကျွန်းသစ် (၁၄ ဒသမ ၂၄၆၀)တန်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သောသူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။


မောင်လူမော်

 

3