တောင်ကြီး ၂၂  ဇူလိုင် 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးသန်းဌေးနှင့် ဦးဆွေတင့်လွင် (ရှမ်းပြည်နယ်တာဝန်ခံများ) တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ၊ နိုင်ငံရေးပါတီ (၁၇) ခုမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သော အရပ်ဘက်လူမှုအဖွဲ့အစည်း (၃) ဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၁၂၀) ဦး တက်ရောက်ခဲ့သည်။    


အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံမှုရှိရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ ဖြစ်ကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။


ယင်းနောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း ( ၂၀၁၉  - ၂၀၂၂ ) ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဇော်မြင့်ဝင်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လူဦးရေစာရင်း ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှပါဝင်ပတ်သက်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များနှင့် မေးမြန်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးသန်းဌေး၊ ဦးဆွေတင့်လွင်တို့က ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်