စစ်ကိုင်း ၂၂ ဇူလိုင်
စစ်ကိုင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၈၈၀ဝ) ကျော်အား ယနေ့မွန်းလွဲပိုင်းအချိန်က ထာက်ပံငွေကြေးများ ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စစ်ကိုင်းမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်းများသို့ လာရောက်ခဲ့ကာ ထောက်ပံ့ငွေ ကျပ်သိန်း ၁၈၀ ကျော်အား ရေးဘေးသင့်ပြည်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပူးပေါင်းပြီးတော့မှ ရေဘေးဒုက္ခရောက်တဲ့ လူထုကို လာပြီးတော့မှ ထောက်ပံငွေကြေးပေးတာပါ။ကျွန်တော်တို့ ပံ့ပိုးမှုပေးတာသည် အများကြီးမများပါဘူး၊ တစ်ယောက်ကို ၂၁၀ဝ ကျပ်ဆီရပါတယ်။ ငါးယောက်ရှိတဲ့ မိသားစုကတော့ တစ်သောင်းလောက်တော့ ရပါတယ်။ အဲဒီပိုက်ဆံသည် ခေတ္တခဏ မပြေလည်မှုတွေကို ဖြေရှင်းဖို့ပါ၊ ရေဘေးရှောင်ရတဲ့ကာလ ဒီထက်ရက်ရှည်လာရင် ကျွန်တော်တို့ ဆက်ပြီးပံ့ပိုးပေးသွားပါမယ်။ ဝန်ကြီးဌာနက ထောက်ပံ့တဲ့ ဒီငွေတွေကလည်း ပြည်သူ့ပိုက်ဆံကို ပြည်သူတွေလက်ဝယ်အရောက်ပြန်ပို့ပေးတာဖြစ်ပါတယ်'' ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှုးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧမြဝတီရပ်ကွက်၊ ဒါးဝယ်ဈေးရပ်ကွက်၊ တဲကြီကျေးရွာ၊ ပန်းဘဲတန်းရပ်ကွက်၊ ထုံးဘိုရပ်ကွက်၊ သောတာပန်ရပ်ကွက်၊ ပဲကတိုးရပ်ကွက်၊ စဉ့်ကိုင်ကျေးရွာ၊ ရွာမကျေးရွာ၊မယ်ဇလီချောင်းကျေးရွာ၊ ဆင်တပ်ကျေးရွာ၊ ကင်းကျေးရွာ၊ ရွှေလှေကျေးရွာတို့ ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ကျေးရွာ၊ ရပ်ကွက်များမှ အိမ်ထောင်စု ၂၀၂၄ စု၊လူဦးရေ ၈၈၃၀ ဦး ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။
စစ်ကိုင်းမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သည် ၁၁၅၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ ၁၁၇၀ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်အထက် ၂၀ စင်တီမိတာကျော်လွန်နေကြောင်း စစ်ကိုင်းခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လူအောင်(ကသာ)


