ညောင်ဦး ၂၂ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့တွင်းရပ်ကွက်တချို့တွင် ဧရာဝတီမြစ်ရေသည် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဝင်ရောက်လျက်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် ပုဂံ-ညောင်ဦးမြို့တွင်းနေရာများဖြစ်သော သာယာဝတီရပ်ကွက်(အရှေ့ပိုင်း)၊ မှန်ချိုရပ်ကွက်၊ ဝက်ကြီးအင်းချောင်းအနီးဝန်းကျင်ရှိ နေအိမ်အချို့တွင် (၂)ပေမှ (၃)ပေအထိ ရေများဝင်ရောက်လျက်ရှိပြီး လောကနန္ဒာဘုရားဝန်းအတွင်းရှိ ကားရပ်နားကွင်းနှင့် ဆိုင်ခန်းများသည်လည်း နစ်မြုပ်နေပြီဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် ပုဂံ-ညောင်ဦးမြို့တွင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် စိုးရိမ် ရေမှတ်၏ (၁)ပေအတွင်းရောက်ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိလာနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် အကြံပြုထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖေလိန်း(ပုဂံ)


