စစ်ကိုင်း ၂၂ ဇူလိုင်
စစ်ကိုင်းမြို့နယ်၊ ပညာရေးမိသားစုမှ ဦးဆောင်ကျင်းပသော လူငယ်များနှင့်သက်ဆိုင်သည့် စာပေဟောပြောပွဲကို ဇူလိုင်(၂၂)ရက်၊ နံနက်(၉)နာရီခွဲမှ ညနေ (၃)နာရီခွဲအထိ သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီက စာပေဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့ သင်ယူတက်မြောက်ထားသည့် ပညာရပ်များနှင့် ယခုစာပေဟောပြောပွဲမှ ရရှိလာသည့် သုတ/ရသစာပေ ဗဟုသုတများနှင့်ပေါင်းစပ်ကာ မိမိတို့၏ဘဝ အနာဂတ်အတွက် လက်တွေ့နယ်ပယ်တွင် အမှား/အမှန်ခွဲခြား၍ အသုံးချဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကြီးက မိတ်ဆက်စကားပြောကြားပြီး စာရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က စာပေစကား၊ စာပေမြှားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကောင်းသန့်က လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြသည်။
ထို့နောက် စာပေဗဟုသုတ ပညာရပ်များ ဟောပြောပေးခဲ့ကြသော စာရေးဆရာများကို ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ စာပေဟောပြောပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်ဇနီးတို့က အလှူငွေကျပ်(၅)သိန်း၊ သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဒုတိယပညာသင်ကာလတွင် ကျောင်းသား/ကျောင်းသူ(၉)ဦးစာအတွက် ပညာသင်ဆုငွေကျပ် (၁၀၈၀,ဝ၀ဝ) ကိုလည်းကောင်း၊ သမဝါယမတက္ကသိုလ်အတွက် ဖူဂျီ(၅၂)လက်မ ရုပ်မြင်သံကြားပြစက်(၁)လုံးနှင့် ၎င်းရှိ ဌာန(၅)ခုအတွက် ငွေကျပ်(၁)သိန်းနှုန်းစီဖြင့် ငွေကျပ်(၅)သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ ပါမောက္ခချုပ်မှ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


