လစ္စဘွန်း ၂၃ ဇူလိုင်
ပေါ်တူဂီအလယ်ပိုင်း တောင်တန်းထူထပ်သည့် ဒေသတစ်ခု၌ တောမီးအကြီးအကျယ်လောင်လျက်ရှိရာ မီးသတ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၂၀ဝ၀ နီးပါးနှင့်အတူ လေယာဉ်များနှင့် ရဟတ်ယာဉ်များက တောမီးငြှိမ်းသတ်ရာတွင် ပူးပေါင်းပါဝင်လျက်ရှိကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွင်းက အဆိုပါဧရိယာ၌ ဖြစ်ပွားခဲ့သည့် တောမီးအကြီးအကျယ်လောင်မှုတွင် လူ ၁၀ဝ ကျော် သေဆုံးခဲ့ရသည်။ လစ္စဘွန်းမြောက်ဘက် ၂၀ဝ ကီလိုမီတာအကွာ သစ်တောထူထပ်သည့် ကက်စတီလိုဘရန်ကို ဒေသအတွင်း၌ တောမီးအကြီးအကျယ်လောင်ကျွမ်းနေမှုကို ငြှိမ်းသတ်ရန် အကြီးမားဆုံးလှုပ်ရှားဆောင်ရွက်မှုတစ်ခုအနေဖြင့် မီးသတ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၇၀ဝ နှင့် မော်တော်ယာဉ်ပေါင်း ၄၀ဝ ကို ဖြန့်ကြက်ခဲ့သည်။
မီးလောင်မှုအတွင်း လူ ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မီးသတ်ကယ်ဆယ်ရေးအဖွဲ့ဝင် ရှစ်ဦးနှင့် အရပ်သား ၁၂ ဦးတို့ ပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြသည်။ မီးဆိုးဆိုးရွားရွားလောင်ကျွမ်းခံခဲ့ရသည့် ဒေသခံပြည်သူတစ်ဦးကို ရဟတ်ယာဉ်ဖြင့် လစ္စဘွန်းသို့ ကယ်ဆယ်ရွှေ့ပြောင်းခဲ့သည်။
ဗီလာဒီရိုင် မြူနီစီပယ်ရပ်ကွက်အတွင်း၌ မီးသတ်တပ်ဖွဲ့ဝင် ၈၀ဝ၊ မော်တော်ယာဉ်ပေါင်း ၂၄၅ စီးနှင့် လေယာဉ်များ နှင့်ရဟတ်ယာဉ် ၁၃ စင်းတို့ဖြင့် မီးငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ လောင်နေသည့် တောမီးမှာ အရှိန်မသေသေးကြောင်း ပြည်ထဲရေးဝန်ကြီး အက်ဒွါဒိုကာဘရီတာက သတင်းသမားများသို့ ပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က မြို့ပြင်၌ မီးရှို့မှုပြုလုပ်ခဲ့သည်ဟု သံသယရှိသည့် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကက်စတီလိုဘရန်ကို၌ ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့ သည်။
ခက်ခဲသည့် မြေပြင်အနေအထားကြောင့် ဗီလာဒီရိုင်၌ လောင်သည့်မီးကို အနိုင်ရခဲ့ခြင်းမရှိသော်လည်း ၆၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အဆိုပါဒေသမှ ပြည်သူ့ကာကွယ်ရေးအကြီးအကဲ လူဝစ်ဘီလိုကိုစတာက ပြောသည်။
အေအက်ဖ်ပီ