လန်ဒန်  ၂၃  ဇူလိုင်

ဗြိတိန်ဝန်ကြီးချုပ်သစ် ရွေးချယ်ရန်အတွက် မဲပေးမှုမှာ ဇူလိုင်၂၂ ရက်တွင် ပြီးဆုံးသွားပြီဖြစ်သည်။ မစ္စတာ ဘောရစ်ဂျွန်ဆင်မှာ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခံရမည်ဟု မျှော်လင့်ထားကြသည်။

လန်ဒန် မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်တို့၏ တစ်လကြာ ယှဉ်ပြိုင်မှုတွင် ကွန်ဆာဗေးတစ် ပါတီဝင်ပေါင်း ၁၆၀ဝ၀ဝ ခန့်က မဲပေးမှုများပြုလုပ်ပြီး ပါတီကိုဦးဆောင်မည့် ခေါင်းဆောင်သစ်ကို ရွေးချယ်ကြခြင်း ဖြစ်သည်။

ဇူလိုင် ၂၂ ရက် ညနေ ၅ နာရီတွင် မဲပေးမှုကို ပိတ်သိမ်းခဲ့သည်။ ဇူလိုင် ၂၃ ရက်တွင် ရလဒ်ကို ကြေညာပြီး အနိုင်ရရှိသူမှာ ကွန်ဆာဗေးတစ်ခေါင်းဆောင်သစ် ဖြစ်လာမည်ဖြစ်သည်။

မဲရလဒ်တွင် အနိုင်ရရှိသူသည် ဇူလိုင် ၂၄ ရက်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဖိလစ်ဟမ်မွန်သည် ဘောရစ်ဂျွန်ဆင်ဝန်ကြီး ချုပ်မဖြစ်မီ နုတ်ထွက်သွားမည်ဟု ဇူလိုင် ၂၁ ရက်က ကြေညာခဲ့သည်။

၎င်းသည် ဘောရစ်ဂျွန်ဆင်၏ ဘရစ်ဇစ်နည်းဗျူဟာကို လက်မခံနိုင်သူလည်းဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် နောက်ဆုံးလုပ်ဆောင်မှုအဖြစ် ထရီဆာမေသည် ဗြိတိန်နိုင်ငံ၏ အစိုးရအဖွဲ့ အရေးပေါ် ကော်မတီအစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ပါရှန်းပင်လယ်ကွေ့၌ သင်္ဘောသွားလာမှုများ လုံခြုံရေးအတွက် ထိန်းသိမ်းမှုများကို ဆွေးနွေးသွားမည်ဟု အရာရှိများနှင့် ဝန်ကြီးများ၏ နောက်ဆုံးသတင်းအချက်အလက်များအရ သိရသည်။

နောက်ဆုံးမဲများကို လန်ဒန်မြို့ရှိ ကွန်ဆာဗေးတစ်ဌာနချုပ်သို့ ပို့ဆောင်မည်ဖြစ်သည်။ အွန်လိုင်းမှ မဲပေးမှုများကို ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အဖွဲ့ဝင် ၁၁၉၉ ခန့်က မဲပေးမှုပြုလုပ်ခဲ့သည်။

အေအက်ဖ်ပီ