ရန်ကုန် ၂၃ ဇူလှိုင်
နိုင်ငံနှင့်တစ်ဝှမ်း ရာသီတုတ်ကွေးရောဂါ A(H1N1)pdm 09 ဖြစ်ပွားမှုကြောင့် ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလှိုင် ၂၁ ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီးရှိ သင်္ကန်းကျွန်းမြို့နယ်တွင် သေဆုံးလူနာ (၁) ဦး၊ လှည်းကူးမြို့နယ်တွင် သေဆုံးလူနာ (၁) ဦး၊ ထောက်ကြန့် မြို့နယ်တွင် သေဆုံးလူနာ (၁) ဦး တိုးလာပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဇူလိုင် ၁၇ ရက်အတွင်း သေဆုံးလူနာ (၄၆) ဦးအထိရှိလာခဲ့သည်။ ဇူလိုင် ၂၁ ရက်တွင် သေဆုံးလူနာ (၅) တိုးလာခြင်းအတွက် ရန်ကုန်တိုင်းအတွင်း သေဆုံးလူနာ (၅၁) ဦးထိ ရှိလာပြီးဖြစ်ကြောင်းနှင့် နိုင်ငံနှင့်တစ်ဝှမ်း သေဆုံးလူနာသည် ဇူလှိုင် ၂၁ ရက်နေ့အထိ (၆၄) ဦးရှိခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲအတည်ပြု ပြောကြားချက်အရသိရသည်။
"ယခုရာသီတုတ်ကွေးရောဂါ A(H1N1) pdm 09 ကြောင့် သေဆုံးမှုများသည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲအတည်ပြု စာရင်းများအရ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေပြီး ရောဂါပိုးတွေ့ရှိသူဦးရေနှင့် သံသယကြောင့် စစ်ဆေးခံရသူဦးရေသည်လည်း တိုးတက်များပြားနေကြောင်း၊ အသက်အရွယ်ကြီးရင့်သူများ၊ အသက်ငယ်လွန်းသူများ၊ ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါနှင့် မွေးရာပါ ရောဂါအခံရှိသူများတွင် အဖြစ်များကြောင်း၊ ကနဦးရိုးရိုး တုတ်ကွေးရောဂါဖြစ်ပွားရာမှ ကိုယ်ခံအားနည်းနေမှုကြောင့် A(H1N1)pdm 09 အဖြစ်ပြောင်းလဲကာ ဖြစ်ပွားနေခြင်းဖြစ်ခြင်းကြောင့် ကိုယ်ခံအားကောင်းအောင်နေထိုင်ကြရန်လိုကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဦးစားပေးလုပ်ဆောင်ကြရန်၊ အိမ်ရေးဝ၀အိပ်ကြရန်လိုကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးကရန်ကုန်ဆရာဝန်များအသင်းတွင် တွေ့ဆုံစဉ် ပြောကြားသွားခြင်း ဖြစ်သည်။
ယင်းကြောင့် သန့်ရှင်းမှုအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အပြင်မှပြန်ရောက်၍သော်လည်းကောင်း မကြာခဏဆိုသလို လက်ကိုဆပ်ပြာဖြင့် ဆေးကြောသန့်စင်ခြင်း၊ အစားအသောက် မှန်မှန်စားသုံးခြင်း၊ အိပ်ရေးဝ၀အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ချွေးပြန်စေသော လှုပ်ရှားမှုများ နေ့စဉ်အချိန်ပိုင်း တစ်ခုအနေဖြင့် ဆောင်ရွက်ခြင်း၊ ခြင်းကိုက်မခံခြင်း နှင့် တုတ်ကွေးဖြစ်နေလျင် ရောဂါကူးစပ်မှု မပြန့်ပွားစေရန် လူကြားတွင် Mark (နှာခေါင်းစည်း) များတပ်ကာ သွားလာခြင်းတို့ဖြင့်ဆောင်ရွက်သင့်ပါကြောင်း နှင့် ဂရုပြုလိုက်နာရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ တာဝန်ခံဆရာဝန်ကြီးများမှ လမ်းညွှန်မှာကြားချက်များအရ သိရသည်။
ယခုအခါတွင် နိုင်ငံနှင့်တစ်ဝှမ်း ရာသီတုတ် ကွေးရောဂါ A(H1N1) pdm 09 သံသယဖြင့် ဓာတ်ခွဲစစ်ဆေးသူ ( ၈၂၆ ) ဦးထိရှိလာပြီး ပိုးတွေ့လူနာသည် (၃၄၁) ဦးရှိသည်။ ရာသီတုတ်ကွေးရောဂါ A(H1N1)pdm 09 ဖြစ်ပွားနှုန်းသည် ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလှိုင် ၂၁ ရက်နေ့အထိ အသက် ၁ နှစ်မှ ၅ နှစ်အောက်သည် ၁၇ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်အောက်တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၁၅ နှစ် မှ ၆၅ နှစ်အကြား ၄၉ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက်တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၁ နှစ်အောက်တွင် ၆ ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲအတည်ပြုချက်အရ သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)


