သိန္နီ ၂၃ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပိန်းဆာကျေးရွာအုပ်စု ဆွန်ခိုင်း ကျေးရွာအနီးရှိ တန့်စီကျိုင်းရေလွှဲဆည်အား ဇူလိုင်လ (၂၂) ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ လိုက်ပါလျက် လာရောက်ကြည့်ရှုသည်။
တန့်စီကျိုင်းရေလွှဲဆည်သည် ဒေသခံတောင်သူများ၏ တင်ပြချက်အရ ၁၉၅၇ ခုနှစ် ဦးနုအစိုးရလက်ထက် ပြည်တော်သာစီမံကိန်းတွင် အဆိုပြုခဲ့သော ဆည်တစ်ခုဖြစ်ပြီး ၁၉၇၆ ခုနှစ်တွင် တောင်သူများမှ ကိုယ်ထူကိုယ်ထ စတင်တည်ဆောက်ခဲ့သည်ဟု သိရှိရသည်။ ၁၉၉၂ ခုနှစ်တွင် တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၏ ဦးဆောင်မှုဖြင့် ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေး ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဆည်ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ၂၀ဝ၄ ခုနှစ်တွင် တပ်ရင်းတပ်ဖွဲ့များမှ တရုတ်လုပ်ငန်းရှင်တစ်ဦး၏ အကူအညီဖြင့် ပြန်လည်ပြုပြင်ခဲ့သော်လည်း ထပ်မံကျိုးပေါက်သည့်အတွက် ဒေသခံတောင်သူများမှ ၂၀ဝ၄ ခုနှစ် ဧပြီလတွင် ထပ်မံပြုပြင်ခဲ့ရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တောင်သူများ၏ တင်ပြချက်အရ ရေသွင်းမြောင်း ပြန်လည်တူးဖော်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်း(၁၀ဝ၀) ရန်ပုံငွေမှ ကျပ်သိန်း(၅၀)ဖြင့် တူးဖော်ခဲ့ရာ ၂၀၁၈ ခုနှစ် သြဂုတ်လ (၁)ရက်နေ့တွင် မိုးရွာသွင်းမှု များပြားသဖြင့် တန့်စီကျိုင်းဆည်ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည့်အတွက် တောင်သူများမှ စုပေါင်းအင်အားအနေဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရာ သိန်း(၂၀ဝ) ခန့် ကုန်ကျခဲ့သော်လည်း ပြင်ဆင်ထားသည့် အောက်ခြေမှ ရေစားစိမ့်ထွက်နေသည့်အတွက် တောင်သူများအနေဖြင့် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြင်ဆင်ခဲ့ရသည်မှာ နှစ်စဉ်လိုလိုဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံရာတွင် နည်းပညာ မရှိသည့် အတွက်ကြောင့်လည်းကောင်း၊ ရာသီဉတုဖောက်ပြန်ပြီး ရေစီးရေလျှံမှုများကြောင့်လည်းကောင်း၊ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိပြီး သိန္နီမြို့နယ် စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ဆည်မြောင်းဦးစီး ဌာနနှင့် ညှိနှိုင်းကာ တန့်စီကျိုင်းဆည်အား ငွေကျပ် သန်း(၃၆၀)ခန့်ဖြင့် အသစ်ပြန်လည် တည်ဆောက်နိုင်ရေး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း ရေးဆွဲတင်ပြထားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက တန့်စီကျိုင်းဆည်နှင့် ပတ်သက်သည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။
MDN


