ပုဇွန်တောင် ၂၃ ဇူလိုင်


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်တွင် မြို့တော်တစ်ခွင် သာယာလှပစေရန် စည်းကမ်းရှိစေရန်နှင့် ရောဂါအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍  မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများနှင့် လမ်းများပေါ်သို့ အညစ်အကြေး စွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန် အညစ်အကြေးများ စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ သတိပေးဗီနိုင်းများကို ယမန်နေ့ မနက်ပိုင်းက ချိတ်ဆွဲခဲ့ကြောင်း သိရသည်။


အဆိုပါ သတိပေးဗီနိုင်းတွင် မြို့တော်နယ်နမိတ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် တိရစ္ဆာန်များကို အစာကျွေးခြင်းကြောင့် ထိုအစာကျွေးသည့်နေရာနှင့် အနီးတဝိုက်တွင် လေလွင့်ခွေးများ စုရုံးရောက်ရှိလာပြီး မှီတင်းနေထိုင်ပေါက်ဖွားသည့်အတွက် ခွေးကောင်ရေပိုမိုများပြားလာခြင်း ရန်ပြုတိုက်ခိုက်မှုများနှင့် အများပြည်သူသို့ အနှောက်အယှက်ဖြစ်စေမှု ပိုမိုများပြားလာခြင်း လေလွင့်ခွေးများကြောင့်လည်းကောင်း၊ စားကြွင်းစားကျန်များကြောင့် ကြွက်၊ ယင်ကောင်ကဲ့သို့ အခြားရောဂါပိုး သယ်ဆောင်တတ်သည့် တိရစ္ဆာန်များ ရောက်ရှိပေါက်ဖွားလာခြင်းကြောင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာစေနိုင်သည့်အတွက် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ကျန်းမာရေးနှင့် သန့်ရှင်းရေးကို ထိခိုက်စေသည့် တိရစ္ဆာန်မျာအား အစာကျွေးမွေးခြင်း မပြုလုပ်ကြရန်နှင့် လိုက်နာမှု မရှိပါက ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။


ကိုဘုန်း(ပြန်ဆက်)