မင်းဘူး  ၂၃   ဇူလိုင်    


မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြသန့်ရှင်းသာယာ လှပရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဆိုးကျိုးဖြစ်စေသည့် ကြွပ်ကြွပ်အိတ်များကို ပြည်သူများ လျှော့ချသုံးစွဲရေး ပညာပေးဆွေးနွေးခြင်းနှင့် ကြွပ်ကြွပ်အိတ်များ အသုံးပြုခြင်းအစား အခြားသော သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုစေသည့် ထုပ်ပိုးပစ္စည်းများကို ပြောင်းလဲသုံးစွဲရေး လက်ကမ်း စာစောင် ဖြန့်ဝေခြင်းလုပ်ငန်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မင်းဘူးမြို့မ စည်ပင်သာယာဈေးသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ အမှုဆောင်အရာရှိ ဦးဝင်းနိုင် ထံမှ သိရသည်။ 


“ကျွန်တော်တို့ မင်းဘူးမြို့အား မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြည်သူများ ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျော့ချရေး ကွင်းဆင်းပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာလည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးနွဲ့အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မင်းဘူးမြို့မစည်ပင်သာယာဈေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးသူ ဈေးသားများ၊ ဈေးဝယ်လာပြည်သူများနှင့် ခရီးသွားပြည်သူများကို ကြွပ်ကြွပ်အိတ်သုံးစွဲမှု များပြားလာခြင်းကြောင့် နိုင်ငံတစ်ဝန်း နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များနှင့်  သဘာဝဘေးအန္တရာယ်ကျရောက်နေမှုများ၊ မြို့ပြသန့်ရှင်းသပ်ရပ်မှု ညှိုးနွမ်းစေမည့် ကြွပ်ကြွပ်အိတ်များကို လျော့ချသုံးစွဲရေးနှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုအစား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် ထုပ်ပိုးပစ္စည်းများအား ပြောင်းလဲသုံးစွဲကြရန် ပညာပေးရှင်းဆွေး ဟောပြောပြီး ကြွပ်ကြွပ်အိတ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးပါတယ်။ ယခုလို မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျော့ချသုံးစွဲရေး ပညာပေးလုပ်ငန်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများအားလုံးကလည်း ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးစေလိုပါတယ်” ဟု  မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ အမှုဆောင်အရာရှိ ဦးဝင်းနိုင် က ပြောပြသည်။  


ရဲဝင်းနိုင် (ညောင်ဦး)