ရေစကြို  ၂၃  ဇူလိုင် 


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကျေးရွာခုနစ်ရွာ၌ နွေရာသီသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် အဝီစိစက်ရေတွင်း ငါးတွင်း တူးဖော်ခြင်း၊ မြေသားရေကန် (၁) ကန် တူးဖော်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ရေစကြိုမြို့နယ်အတွင်း ကျေးရွာခုနစ်ရွာ၌ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၄၂ ဒသမ ဝ၉၆ သန်း အကုန်အကျခံ၍ တွင်းနက်စက်ရေတွင်း ငါးတွင်းတူးဖော်ခြင်း၊ မြေသားရေကန် (၁) ကန်တူးဖော်ခြင်း၊  ရေပိုက်လိုင်းသွယ်တန်းခြင်း၊ အမြင့် ၂၀ ပေရှိ ဂါလံ ၂၄၀ဝ ဆံ့ စင်မြင့်ရေစင် သုံးခု တည်ဆောက်ခြင်း၊  ဂါလံ(၅၀ဝ၀)ဆံ့အုတ်ရေကန် တစ်ကန်၊ ဂါလံ(၂၀ဝ၀) ဆံ့ အုတ်ရေကန် နှစ်ကန်၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ (၆) ခု ဆောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာ ပြောပြချက်အရ သိရသည်။


အဆိုပါ စက်ရေတွင်းတူးဖော်ခြင်း၊ မြေသားရေကန်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့်  ကျေးရွာ (၇)ရွာရှိ အိမ်ခြေ(၁၂၇၁)၊ လူဦးရေ (၇၃၆၄)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်အားလုံး သောက်သုံးရေဖူလုံစွာ ရရှိနေပြီဖြစ် ကြောင်းသိရသည်။


ရေစကြိုမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကလည်း ကျေးရွာနှစ်ရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းနှစ်ခုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၈ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်မာထံမှ သိရသည်။

 
သန်းလွင်(မကွေး)