၂၃ ဇူလိုင်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စက်တင်ဘာလလယ်ပိုင်းတွင် ၎င်းဝန်ကြီးအဖွဲ့နှင့် အာဏာရပါတီအလုပ်အမှုဆောင်များ ရာထူးအပြောင်းအလဲလုပ်ဆောင်ရေးကို မျှော်မှန်းထားသည်။
အာဘေး သည် အထက်လွှတ်တော်ရွေးကောက်ပွဲပြီးသည့်နေ့ ဖြစ်သော ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။ သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ အထက်လွှတ်တော်ဥက္ကဋ္ဌရွေးချယ်ရန် အထူးလွှတ်တော်အစည်းအဝေးတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟု အာဘေးက ထုတ်ဖော်ပြောကြားခဲ့သည်။
အာဘေးက အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးချုပ် တိုရှီဟီရို နီကာအီ၊ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒီ ဆုဂါး နှင့် ဒုတိယ ဝန်ကြီးချုပ် တာရိုအေဆို တို့၏ ရာထူးများ ပြောင်းလဲခြင်းရှိ၊ မရှိ ဆိုသည်ကို ဝန်ကြီးရာထူးများ အပြောင်းအလဲလုပ်ရာတွင် အာရုံစိုက်လုပ်ဆောင်မည်ဖြစ်သည်။
အာဘေးကို ဝေဖန်ပြောဆိုခဲ့သူ အတိုက်အခံ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ အေကီရာ နာဂါဆုမား က ၎င်း၏ သတင်းစကားကို ရင်ဆိုင်ဖြေရှင်းခဲ့သည်ဟု ဆိုသည်။ အာဘေးက ၎င်း၏ ကာလရှည်ကြာ ရည်မှန်းချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
ထိုပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်ပြီး အနည်းဆုံး ဆွေးနွေးသင့်သည်ကို ၎င်းရွေးကောက်ပွဲရလဒ်က ပြသနေသည်ဟု အာဘေးက ပြောကြားခဲ့သည်။ အတိုက်အခံ အင်အားစုများအနေဖြင့် ထိုဆွေးနွေးမှုကို လက်ခံစေချင်ကြောင်း အာဘေးက မေတ္တာရပ်ခံခဲ့သည်။
ပြည်သူ့ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ယုအိချီရို တာမာကီ က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အစီအစဉ်ကို ထောက်ခံရန် ခက်ခဲကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း ယုအိချီရို တာမာကီ က အများပြည်သူ အကျိုးစီးပွားအတွက် အပြုသဘောဆောင်သော ဆွေးနွေးမှုများကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို