စစ်ကိုင်း ၂၃ ဇူလိုင်


စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားကြီး ပရိဝုဏ်ကို သုံးဖက်မြင် မြေပုံထုတ်နိုင်ရန် စီစဉ်နေကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


အဆိုပါ ဘုရားကြီးမြေပုံ ထုတ်နိုင်ရန်အတွက် မြေစာရင်းနှင့် ညှိနှိုင်းနေပြီး လက်ရှိတွင် ကျူးကျော်မှုများ ရှိနေသဖြင့် ဖယ်ရှားမှုများ ပြုလုပ်နေရကာ အငြင်းပွားဖွယ်ရာများ မဖြစ်စေရန် ယခုလို ပြုလုပ်ရခြင်းဖြစ်ကြောင်း ယင်းဂေါပကအဖွဲ့ထံမှ သိရသည်။


"ခုတော့ သုံးဖက်မြင် မြေပုံထုတ်နိုင်ဖို့အတွက် စီစဉ်နေတယ်။ အဲ့လိုထုတ်လိုက်တော့ ဘုရားပရိဝုဏ် သတ်သတ်မှတ်မှတ်ရှိသွားမယ်။ နောက်ပြီး မြေပုံကြည့်ပြီးတော့ ဘုရားပရိဝုဏ်စီမံမှု အပိုင်းမှာ ဘယ်နေရာကို ဘာတွေလုပ်နိုင်မယ်ဆိုတာ အလွယ်တကူ သိနိုင်တာပေါ့" ဟု ဘုရားဂေါပကဥက္ကဋ္ဌ ဦးတင်မျိုးလွင် က ပြောသည်။


လက်ရှိတွင် ကောင်းမှုတော်စေတီအား ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေး သင်္ကန်း ပြောင်းလဲကပ်လှူခြင်း လုပ်ငန်းများကို ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က စတင်ကာ အောင်ပြည်တန်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့သည် ။ 


ကောင်းမှုတော်စေတီ အဖြူရောင်ဆေးသင်္ကန်း ပြန်လည်ကပ် လှူပူဇော်ခြင်း လုပ်ငန်းများအတွက် ကုန်ကျငွေကို ယခင်က ငွေကျပ် သိန်း ၄၀ဝဝ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ရသည့်အတွက် ငွေကျပ် သိန်း ၄၈၀ဝ ခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။ 

 
ရာဇမဏိစူဠာကောင်းမှုတော် ဘုရားကြီးကို သက္ကရာဇ် ၉၉၈ ခုနှစ်တွင် သီရိသုဓမ္မရာဇာ မဟာဓိပတိသာလွန်မင်း တရားကြီးက စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။


သူရိန်လင်း