နေပြည်တော် ၂၃ ဇူလိုင်
ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ပန်းတောကျေးရွာနေ အောင်ဇော်ထူး (ခ) သားထူး (၁၆) နှစ်သည် အရှည်၄ ပေခွဲခန့် တူမီးသေနတ် ၁ လက်အားကိုင်ဆောင်ကာ ကျေးရွာအတွင်း လှည့်လည်သွားလာနေသဖြင့် ပန်းတောကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ထိန်းသိမ်းထားပြီး ရှမ်းပြည်နယ်၊ နောင်ချိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းနောက် ၎င်းအားစစ်မေးရာ လွန်ခဲ့သော ၁ လခန့်က ကျေးရွာအရှေ့ဘက် ၂ ဖာလုံခန့် အကွာရှိ လူမနေသည့် တောင်ယာတဲအတွင်းမှ တူမီးသေနတ်ကို တွေ့ရှိသဖြင့် ယူဆောင်ခဲ့ကြောင်း သိရှိရပြီး အောင်ဇော်ထူး (ခ) သားထူးအား နောင်ချိုမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
MDN