နေပြည်တော် ၂၃ ဇူလိုင် 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း မီဒီယာ၏အခန်းကဏ္ဍအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည်။

 

6244

 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) မှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဉီးလှသိန်းက ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန် သတင်းမီဒီယာ၏အခန်းကဏ္ဍသည် အရေးပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန် ဆောင်ရွက်သည့်လုပ်ငန်း (Civic Education)နှင့် ဆန္ဒမဲပေးမည့်မဲဆန္ဒရှင်များအား မဲပေးခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်သည့်လုပ်ငန်း (Voter Education) များဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကော်မရှင် တစ်ခုတည်းကဆောင်ရွက်၍ မရပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အဓိကကျသည့် သတင်းမီဒီယာ၏ အကူအညီများစွာလိုအပ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှစတင်၍ ပြည်တွင်း/ ပြည်ပသတင်းမီဒီယာများကို ဖိတ်ကြားခဲ့ပါကြောင်း၊ ရွေးကောက်ပွဲကာလတွင် အဆင်ပြေချောမွေ့စွာ သတင်းရယူနိုင်ရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ယခင်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံညှိနှိုင်းခဲ့ပါကြောင်း၊ ညှိနှိုင်းချက်များအရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် မြန်မာသတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်များ၊ သတင်းမီဒီယာကျင့်ဝတ်များကို ပြုစုရေးသားဖြန့်ဝေပေးခဲ့သည့်အတွက် ရွေးကောက်ပွဲတွင် သတင်းရယူရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေချောမွေ့ခဲ့ပြီး ကော်မရှင်အတွက် များစွာအထောက်အကူပြုခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်းဖြစ်စေ မှုဆိုသည့် စံ (၅)ချက်နှင့်အညီ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ကော်မရှင်၏လုပ်ဆောင်ချက်များ၊ ပြည်သူလူထုတစ်ရပ်လုံး သိသင့်သည့်သတင်းများ၊ ကြေညာချက်များ ထုတ်ပြန်ဆောင်ရွက်ခြင်းကို နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် UEC Website တို့မှ အခါအားလျော်စွာ ထုတ်လွှင့်ဖော်ပြပေးလျက်ရှိပါကြောင်း။

ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ကော်မရှင်အဖွဲ့ဝင်တစ်ဦးကို တာဝန်ပေးထားပြီး လိုအပ်ပါက သတင်းစာရှင်းလင်းပွဲများကို ကျင်းပပေးလျက်ရှိပါကြောင်း၊ သတင်းမီဒီယာများ အနေဖြင့် နိုင်ငံတော်အကျိုးအတွက် မျှော်ကိုးပြီးရွေးကောက်ပွဲနှင့် ဆိုင်သည့် မှန်ကန်မှုရှိသော သတင်းအချက်အလက်များကို ပြည်သူလူထုသိရှိစေရန် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သတင်းအမှားများနှင့် အမုန်းစကားများ ပြည်သူလူထုထံရောက်ရှိပါက ရွေးကောက်ပွဲတွင်မလိုလားအပ်သည့် ပဋိပက္ခများဖြစ်လာနိုင်သောကြောင့် သတင်းမီဒီယာများအနေဖြင့် ဘက်လိုက်ရေးသားမှုမျိုး မဖြစ်စေရန်နှင့် သတင်းတစ်ပုဒ်၏တန်ဖိုးကိုအလေးထားရန် တိုက်တွန်းလိုပါကြောင်း၊ ရွေးကောက်ပွဲသတင်းများ ရေးသားဖော်ပြရာတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည့် သတင်းမီဒီယာကျင့်ဝတ်နှင့် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း။

၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှစ်အဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲဆန္ဒရှင် ပြည်သူများအတွက် မဲစာရင်းပြုစုရာတွင် ပူးပေါင်းပါဝင်လာစေရန်၊ မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာရာတွင် ပြည်သူများကြည့်ရှုစေရန်နှင့် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်မှုများ ပြုလုပ်နိုင်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ သိရှိနားလည်စေရန် သတင်းမီဒီယာသမားများအနေဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။ 

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်) နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Min Jeong Kim တို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် မီဒီယာအခန်းကဏ္ဍအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီတို့ ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။

သတင်းစဉ်