နေပြည်တော် ၂၃ ဇူလိုင်
နိုင်ငံတော်၏ လယ်ယာကဏ္ဍကို ပခုံးပြောင်း တာဝန်ယူလာကြမည့် အနာဂတ် စိုက်ပျိုးရေး ပညာရှင်များဖြစ်လာစေရေး ကြိုးပမ်းမှုနှင့်အတူ စိုက်ပျိုးရေးကဏ္ဍအတွက် ပိုမိုအကျိုးရှိစေမည့် သုတေသနလုပ်ငန်းများ ကြိုးစားဖော်ဆောင်ကြစေလိုကြောင်း၊ သုတေသနလုပ်ငန်းတိုင်းသည် ရလဒ်ကောင်းများ မထွက်နိုင်သော်လည်း၊ သုတေသနရလဒ် ကောင်းတစ်ချက်သည် အကျိုးစီးပွားများစွာအား ဆောင်ကြဉ်းပေးနိုင်သည်ကို နှလုံးသွင်းကြိုးပမ်းကြစေလိုကြောင်း ယနေ့ မွန်းလွဲ ၃ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စုဝေးဆောင်ခန်းမ၌ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yuntianhua Group တို့ ပူးပေါင်းကျင်းပသည့် ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်တွင် တက်ရောက်နေကြသော ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yuntianhua Group မှ Vice General Manager, Mr. Liu Hexing ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ နန်းဆိုင်ဟွမ်တို့က ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆုချီးမြှင့်ပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် Marketing Director of Yuntianhua United Commerce Co. Ltd., မှ Justin Cai က စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းများ ရရှိမှုများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြသသည်။
Yuntianhua သုတေသနဆုနှင့် ပညာသင်ဆုများကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဘွဲ့လွန် သင်တန်းများဖြစ်သည့် မဟာသိပ္ပံတန်းနှင့် ပါရဂူတန်းများမှ ကျောင်းသားကျောင်းသူများကို နိုင်ငံအကျိုးပြု စိုက်ပျိုးရေးဆိုင်ရာ သုတေသနများလုပ်ဆောင်နိုင်ရန်အတွက် သုတေသနဆုကိုလည်းကောင်း၊ ဘွဲ့ကြိုကျောင်းသားများဖြစ်သည့် Semester-II, Semester-IV တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသားကျောင်းသူများအား ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဆောင်ရွက်မည့် သုတေသနဆိုင်ရာများကို လူတွေ့မေးမြန်း၍ အမှတ်အများဆုံးရရှိသည့် ကျောင်းသားကျောင်းသူများကို ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။
ယနေ့အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပါရဂူပညာသင်ဆုရရှိသူ ၃ ဦးအား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၆၀ဝ နှုန်း၊ မဟာသိပ္ပံပညာသင်ဆုရရှိသူ ၆ ဦးအား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂၀ဝ နှုန်း၊ ဘွဲ့ကြိုသင်တန်းကျောင်းသား ကျောင်းသူ ၂၀ ဦးအား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၈၅၀ နှုန်း ပေးအပ်ချီးမြှင့်ကြရာ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူတန်းများမှ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


