ရှင်မင်း
ပြည်သူ့မျက်နှာကိုရှေးရှုပြီး ပြည်သူ့အကျိုးအတွက် ပိုမိုပြည့်စုံ မျှတကောင်းမွန်သော ဥပဒေများ ပေါ်ထွန်းလာစေရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ မျှော်လင့်ချက်၊ လိုအပ်ချက်များ ကို ဖော်ဆောင်ပေးသော အစိုးရ၏ မူဝါဒနှင့် ကိုက်ညီသည့်အပြင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားဖြစ်ထွန်းစေမည့် ဥပဒေများကို ခေတ်စနစ်နှင့် ဆီလျော်မှုရှိစေရေး အတွက် ရည်မှန်းဆောင်ရွက်နေသည်။
နိုင်ငံနဲ့ပြည်သူအားလုံးအတွက် အကျိုးရှိအောင်
“ဥပဒေကြမ်းတွေ ပြုစုတာ ကြာလိုက်တာဆိုပြီး ပြောကြတာရှိပါတယ်။ ဥပဒေပြုတယ်ဆိုတာ နိုင်ငံနဲ့ ပြည်သူအားလုံးအတွက် အကျိုးရှိအောင်၊ အကာအကွယ်ဖြစ်အောင် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် သေချာစိစစ်ရပါတယ်။ ဆွေးနွေးရုံတင် မဟုတ်ဘူး။ လက်တွေ့ကွင်းဆင်းပြီး သေချာစိစစ်ရတာတွေလည်း ရှိပါတယ်။ ဒီလိုဆွေးနွေးရာမှာလည်း ပြည်သူတွေ အမြင်၊ ကဏ္ဍပေါင်းစုံက သူတွေရဲ့အမြင်အားလုံး ပါဝင်အောင် ဆွေးနွေးကြရတာ ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ဥပဒေပြုရေးလုပ်ငန်းများ၌ စိန်ခေါ်မှု အမျိုးမျိုးကြုံတွေ့နေရသော်လည်း တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲများ မထားဘဲ မျှတသော ဥပဒေ၊ အကျိုးဖြစ်ထွန်းသော ဥပဒေများ ပေါ်ပေါက်ရေး အားထုတ်ကြိုးပမ်းလျက်ရှိသည်။
အမြင်တချို့ကို လျစ်လျူရှု
ဥပဒေကြမ်း ရေးဆွဲတဲ့အခါ ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲတွေမထားဘဲ မျှတအောင် ရေးဆွဲရတာပါ။ တစ်ခါတလေ ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ဥပဒေကြမ်းတွေ ရေးဆွဲတဲ့အခါ ပြည်သူ့အတွက် ရှေးရှုပြီး အမြင်တချို့ကို လျစ်လျူရှုရပါတယ် ”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ဆိုသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကို ၂၀ဝ၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅၊ ပုဒ်မခွဲ (က) အရ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ဖြစ်သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
“ဥပဒေကြမ်းကော်မတီမှာ ဆောင်ရွက်ဆဲ ဥပဒေကြမ်း (၁၄) ခု ရှိပါတယ်။ ဒီဥပဒေကြမ်းတွေကတော့ ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်း၊ မြန်မာ နိုင်ငံဆေးပညာရပ်များဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်း၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်း၊ တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း၊ စက်မှုဇုန်ဥပဒေကြမ်း၊ ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်း၊ မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ရေနံစူးစမ်းရှာဖွေခြင်း၊ ရေနံတူးဖော်စမ်းသပ်ခြင်းနှင့် ရေနံထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်း၊ လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေး ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ရေချိုငါးလုပ်ငန်း ဥပဒေကိုရုပ်သိမ်းသည့် ဥပဒေကြမ်းတွေ ဖြစ်ပါတယ်”ဟု ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးများ ဆက်လက်ဆောင်ရွက်မည်
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ဆောင်ရွက်ဆဲ ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးနိုင်ရန် စီစဉ်ထားပြီးဖြစ်ကာ ကော်မတီတွင် ညှိနှိုင်းအစည်းအဝေးများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။
ဥပဒေကြမ်းကော်မတီအနေဖြင့် ဥပဒေကြမ်းများကို ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၉ ပါ အခြေခံရမည့်မူ (၁၂) ချက်နှင့်အညီ စိစစ်ရကြောင်း သိရသည်။ “ဒီအခြေခံမူ ၁၂ ချက်က ဘာတွေလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိ- မရှိ၊ နိုင်ငံတော်က ချမှတ်ထားသောမူဝါဒများ၊ ဦးတည်ချက်များနှင့် ညီညွတ်မှု ရှိ-မရှိ၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီးကာကွယ် စောင့်ရှောက်ရေးကို ဦးတည်ခြင်း ရှိ-မရှိ၊ နိုင်ငံတော်တည်တံ့ ခိုင်မြဲရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြု ထိပါးစေမည့် အချက်များ ပါဝင်ခြင်း ရှိ-မရှိ၊ နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိ-မရှိ၊ အများပြည်သူ၏ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်ခြင်း ရှိ- မရှိ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုထိခိုက် ပျက်ပြားစေမည့် အရေးအသား၊ အသုံး အနှုန်းများပါဝင်ခြင်း ရှိ-မရှိ ဆိုတဲ့ အချက်တွေနဲ့အညီ စိစစ် ရပါတယ်။"
“ပြီးတော့ ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုနှင့် အစိုးရ အဖွဲ့အစည်းတစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာနအဖွဲ့အစည်း တစ်ခုနှင့်တစ်ခု၏ လုပ်ပိုင်ခွင့်များ ရောထွေးခြင်း ရှိ-မရှိ၊ အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် ဒေသအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူညီချက်များပါ တာဝန်အရ ရေးဆွဲသော ဥပဒေကြမ်းဖြစ်လျှင် ထိုစာချုပ်များ၊ သဘောတူ စာချုပ်များပါ မြန်မာနိုင်ငံက သဘောတူလက်ခံထားသော အချက်များနှင့် လိုက်လျောညီထွေခြင်း ရှိ-မရှိနှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးခြင်း ရှိ-မရှိ၊ သက်ဆိုင်ရာ ဥပဒေကြမ်းနှင့် သက်ဆိုင်သော မူပိုင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာပါဝင်ခြင်း ရှိ-မရှိ၊ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေ ရှိ-မရှိ၊ ဥပဒေကြမ်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းချက်များ ပြည့်စုံစွာပါရှိခြင်း ရှိ-မရှိ ဆိုတဲ့ အချက်တွေကိုလည်း စိစစ်ရပါတယ်”ဟု ကော်မတီ ဥက္ကဋ္ဌက ဆိုသည်။
ကော်မတီ၏ ဥပဒေပြုလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ အတွင်းရေးမှူး ဦးကျော်စိုးလင်းက “ဥပဒေကြမ်းတစ်ခုကို တင်သွင်းတဲ့နေရာမှာ ဝန်ကြီးဌာန သို့မဟုတ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုရဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တစ်ဦးက တင်သွင်းခွင့်ရှိပါတယ်။ လွှတ်တော် ကော်မတီများကလည်း တင်သွင်းခွင့်ရှိပါတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီကလည်း ဥပဒေကြမ်းကို တင်သွင်းခွင့်ရှိပါတယ်။"
မဲခွဲဆုံးဖြတ်စရာမလိုဘဲ ဆွေးနွေးလို့ရ
"ကျွန်တော်တို့ ကော်မတီအနေနဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနက ဥပဒေကြမ်း တင်သွင်းလာပြီဆိုရင် ပြည်ထောင်စုလွှတ်တော် နာယကဆီကို လိပ်မူပြီး ပေးပို့ရပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကကနေ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို ခွဲဝေပေးပါတယ်။ တကယ်လို့ ပြည်သူ့လွှတ်တော်မှာ ဥပဒေ ကြမ်းတွေများနေရင် အမျိုးသားလွှတ်တော်ကို ခွဲဝေပေးပါတယ်။ အလားတူပဲ အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းတွေများနေရင်လည်း ပြည်သူ့လွှတ်တော်ကို ခွဲဝေပေးပါတယ်။ ဒီလိုခွဲဝေပေးပြီးတော့ စတင်ဆွေးနွေးစေပါတယ်။ ဒီလို ဆွေးနွေးတဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းက တင်တာပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာကော်မတီက တင်တာပဲဖြစ်ဖြစ် ပြည်သူ့ လွှတ်တော်ကို ရောက်ရှိလာတဲ့ ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းနိုင်ဖို့ ဥပဒေကြမ်းကော်မတီမှာ အစည်းအဝေးစတင်လုပ်ပြီးတော့ ပထမဆုံး ဆွေးနွေးကြပါတယ်။ မဲခွဲဆုံးဖြတ်စရာမလိုဘဲ ဒါက ဆွေးနွေးလို့ရတယ်။"
“တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဥပဒေကြမ်းတစ်ခုကို တင်သွင်းတယ်ဆိုရင်တော့ တခြား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးရ ပါတယ်။ ဒီလိုဆွေးနွေးတဲ့ အပေါ်မှာ လွှတ်တော်က လက်ခံလျှင် သော်လည်းကောင်း၊ ကန့်ကွက်မှုရှိလျှင် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပြီးတော့ ထောက်ခံမဲ ငါးဆယ်ရာခိုင်နှုန်း ကျော်တယ် ဆိုလျှင်သော်လည်းကောင်း အဲဒီဥပဒေကြမ်းကိုလွှတ်တော်မှာ စတင်ဆွေးနွေးခွင့်ရှိပါတယ်။"
“ဒီလိုဆွေးနွေးတဲ့အခါမှာ ပြည်သူ့လွှတ်တော်က စတင်ဆွေးနွေးတယ်ဆိုရင် အစီရင်ခံစာတင်ဖို့အတွက် ဥပဒေကြမ်းကော်မတီမှာ စတင်ဆွေးနွေးကြပါတယ်။ အစီရင်ခံစာတင်တဲ့နေ့မှာ လွှတ်တော်ကိုယ်စားလှယ်က တင်သည်ဖြစ်စေ၊ ကော်မတီက တင်သည်ဖြစ်စေ၊ ဝန်ကြီးဌာနက တင်သည်ဖြစ်စေ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရပါတယ်။ ဥပဒေကြမ်း ကော်မတီကလည်း အစီရင်ခံစာတင်ရပါတယ်။ ဒီနှစ်ခုကို ယှဉ်တွဲပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ဆင်ချက် တွေရှိရင် အမည်စာရင်းပေးပြီး ဥပဒေကြမ်းကော်မတီမှာ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ပြီး လွှတ်တော်မှာ တင်သွင်းအတည်ပြုပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ ဒီလို အတည်ပြု ဆွေးနွေးပြီးသွားရင် အမျိုးသားလွှတ်တော်ကို ပေးပို့ပါတယ်။"
“အမျိုးသားလွှတ်တော်မှာလည်း ကျွန်တော်တို့ ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆွေးနွေးပါတယ်။ ဒီလိုဆွေးနွေးရာမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ ဆွေးနွေး ချက်က ကွဲလွဲမှုမရှိရင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ပြီးတော့ ဆွေးနွေးစရာမလိုတော့ဘဲ နိုင်ငံတော်သမ္မတထံ ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်နာယကက တိုက်ရိုက်ပို့ခွင့်ရှိပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ ဆွေးနွေးချက်က ကွဲလွဲမှုရှိရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ထပ်ပြီးဆွေးနွေးရပါတယ်။"
လွှတ်တော်ကို အစီရင်ခံစာ တင်ရ
"ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းပူးပေါင်း ကော်မတီရှိပါတယ်။ ဒီကော်မတီမှာ ပြည်သူ့လွှတ်တော်က ခုနစ်ဦး၊ အမျိုးသားလွှတ်တော်က ခုနစ်ဦးနဲ့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါတယ်။ လုပ်ငန်းစဉ်ကတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ အတိုင်းပါပဲ။ လွှတ်တော်ကို အစီရင်ခံစာ တင်ရပါတယ်။ လွှတ်တော်မှာ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီးသွားရင် နိုင်ငံတော်သမ္မတထံ ပို့ရပါတယ်”ဟု ပြောပြသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်း အဝေးမှ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ပြည်သူ့ လွှတ်တော်မှ စတင်ဆွေးနွေးပြီး အတည်ပြုနိုင်သည့် ဥပဒေကြမ်း ၇၆ ခု၊ အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေကြမ်းများအနက် အတည်ပြုနိုင်သည့် ဥပဒေကြမ်း ၄၆ ခု စုစုပေါင်း ၁၂၂ ခု ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ သိရသည်။
အမျိုးသားလွှတ်တော်က စတင်ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားသည့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း၊ ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကြမ်း၊ မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ရေချိုငါးလုပ်ငန်းဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းတို့ကို ကော်မတီမှ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရသည်။ ။