မိုးမြင့်လင်းလက်၊ ဓာတ်ပုံ-ကေဇင်
အဝေးပြေး အထူးခရီးသည်တင် ယာဉ်ကြီးတွေနဲ့ ရန်ကုန်ပြန်လာတိုင်း အောင်မင်္ဂလာ အဝေးပြေးကားဝင်းရောက်ဖို့ ယာဉ်ကြောပိတ်ဆို့မှုက အနည်းဆုံး မိနစ် ၂၀ ခန့် ကြာမြင့်တတ်ပါတယ်။ တစ်ခါတစ်ရံ မိနစ် ၃၀ ကျော်ကြာအောင် ယာဉ်ကြောပိတ်ဆို့နေတာမို့ စိတ်မောလူမောဖြစ်ခဲ့ရတာလည်း အကြိမ်ပေါင်းများစွာပါပဲ။ ဒီလမ်းခရီးကို သွားလာနေကြတ ဲ့သူတွေအားလုံး အဲဒီခံစားချက်ကို ထပ်တူထပ်မျှ နားလည်ကြမှာဖြစ်ပါတယ်။ အခုတော့ အဲဒီဒုက္ခက လျော့နည်းသက်သာစေဖို့ အဝေးပြေးကားဝင်း အသစ်တစ်ခု တည်ဆောက်ဖို့ အစီအစဉ်ရှိနေပြီလို့ သိရပါတယ်။
“အမှတ်(၂)လမ်းမရဲ့ ရှမ်းတဲကြီးအနီးမှာ အဝေးပြေးကားဝင်းသစ်တစ်ခု တည်ဆောက်ဖို့ အစီအစဉ်ရှိတယ” လို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ရန်ကုန်မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ မီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဝေးပြေးယာဉ်များ ပြည့်ကျပ်
ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်း၊ အထက်ပိုင်းမှ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ခရီးသည်တင်အဝေးပြေး ယာဉ်တွေ စုပြုံရောက်ရှိ၊ ထွက်ခွာရပ်နားရာ အဝေးပြေးကားရပ်စခန်းတစ်ခုအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုယာဉ်လိုင်းတွေ အများအပြား လာရောက်ရပ်နားပြီး ခရီးသည်နဲ့ ကုန်တင်ကုန်ချတွေ ပြုလုပ်တဲ့နေရာဖြစ်တာမို့ ကားဝင်းအတွင်းမှာလည်း အဝေးပြေးခရီးသည်တင် ယာဉ်ကြီးတွေ ပြည့်ကျပ်နေပါတယ်။
ဒါ့အပြင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းကလာတဲ့ ခရီးသည်တင် အဝေးပြေးယာဉ်ကြီးတွေရော၊ အမြန်လမ်းမကြီးအတိုင်း မောင်းလာကြတဲ့ ခရီးသည်တင် အဝေးပြေးယာဉ်ကြီးတွေပါ အမှတ် (၃) လမ်းမအတိုင်း ဝင်ရောက်လာကြတာမို့ နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်နဲ့ မြို့တွင်း ခရီးသည်တင် ဘတ်စ်ကားကြီးတွေ မောင်းနှင်သွားလာမှုတွေကြောင့်လည်း အောင်မင်္ဂလာ အဝေးပြေးကားရပ်စခန်းသို့ ရောက်ရှိဖို့မှာ ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်စေတာလည်း ပါဝင်နေ ပါတယ်။
အဝေးပြေးကားဝင်းအသစ်တစ်ခု ဖော်ဆောင်နေ
ဒါကြောင့်လည်း ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေဆီက ရန်ကုန်မြို့ကို လာရောက်ကြမယ့် ခရီးသည်တင် ယာဉ်ကြီးတွေအတွက် အမှတ်(၂)လမ်းရဲ့ ရှမ်းတဲ ကြီးအနီးမှာ အဝေးပြေးကားဝင်း အသစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။ အဲဒီဒေသတွေဆီကိုထွက်ခွာမယ့် ခရီးသည်တင်ယာဉ်ကြီးတွေနဲ့ အဲဒီဒေသတွေဆီက ဆိုက်ရောက်လာမယ့် ယာဉ်ကြီးတွေဟာ အဝေးပြေးကားဝင်းအသစ်မှာပဲ ရပ်နားစခန်းချရတော့မှာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်တာဟာ အောင်မင်္ဂလာ အဝေးပြေးကားဝင်းကို ပြောင်းရွှေ့တာမဟုတ်ဘဲ ပဲခူး၊ မွန်၊ တနင်္သာရီဘက်က ခရီးသည်တင် ယာဉ်ကြီးတွေအတွက် အဝေးပြေးကားဝင်းသစ်ကို ထပ်မံတိုးချဲ့ပေးတာဖြစ်ပါတယ်။ ခရီးသည်တွေအတွက်ရော၊ အဝေးပြေးယာဉ်ကြီးတွေအတွက်ပါ အဆင်ပြေသွားအောင် စီစဉ်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာတော့ လောလောဆယ်မှာ အဝေးပြေးမော်တော်ယာဉ် ရပ်နားစခန်းနှစ်ခု ရှိနေပါတယ်။ အောင်မင်္ဂလာအဝေးပြေး မော်တော်ယာဉ်ရပ်နားစခန်းနဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ဒဂုံ-ဧရာ အဝေးပြေးယာဉ် ရပ်နားစခန်းတွေ ဖြစ်ပါတယ်။ ဒဂုံ-ဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ အခြားဒေသတွေက အဝေးပြေးခရီးသည်ယာဉ်ကြီးတွေ ဝင်ရောက်ရပ်နား စခန်းချထွက်ခွာကြ တာဖြစ်ပါတယ်။
ဒဂုံ-ဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှာတော့ ယာဉ်လိုင်းပေါင်း ၃၄ လိုင်းရှိနေပြီး ယာဉ် အစီးရေပေါင်း ၄၂၃ စီးနဲ့ နေ့စဉ်ပြေးဆွဲနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ပြောထားပါတယ်။ အဲဒီ ဒဂုံ-ဧရာ အဝေးပြေးကား ရပ်နားစခန်းကနေပြီး ရန်ကုန်မြို့တွင်းနဲ့ လိုရာခရီးကို ဘတ်စ်ကားတွေ၊ အငှားယာဉ်တွေနဲ့ ဆက်လက်သွားရောက်နေကြတာ ဖြစ်ပါတယ်။
ခရီးသည်တင်ယာဉ်များခွဲထုတ်
မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ အောင်မင်္ဂလာအဝေးပြေး မော်တော်ယာဉ်ရပ်နားစခန်းမှာတော့ ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၁၇၆၅ စီးနဲ့ နေ့စဉ် အဝေးပြေးခရီးသည်ယာဉ်ကြီးတွေ ပြေးဆွဲနေတာဖြစ်ပါတယ်။ အဝေးပြေးယာဉ်လိုင်းပေါင်း ၁၁၆ လိုင်းရှိနေတဲ့အတွက် ပဲခူး၊ မွန်၊ တနင်္သာရီတိုင်းဒေသကြီးတွေဘက်ကို သွားရောက်ကြမယ့် ရန်ကုန်ကို လာရောက်ကြမယ့် အဝေးပြေးခရီးသည်တင် ယာဉ်ကြီးတွေကို ခွဲထုတ်ပြီး အမှတ်(၂)လမ်းဘက်မှာ အဝေးပြေး ကားဝင်းအသစ်နဲ့ခွဲထုတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဒီလိုမှ ယာဉ်လိုင်းတွေ မခွဲထုတ်ရင် ရက်ရှည်ပိတ်ရက်အချိန်အခါအပြင် ခရီးသွားတွေ တစ်နှစ်ထက်တစ်နှစ် တိုးပွားများပြားလာမှုနဲ့ ယာဉ်ပြေးဆွဲတဲ့အစီးရေ မြင့်တက်လာမှုတွေကြောင့် လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ယာဉ်မတော်တဆဖြစ်ရပ်တွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ ပိုမိုဖြစ်ပေါ်လာနိုင်စရာရှိနေပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းက စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ ကိစ္စရပ်တွေကြောင့် ရန်ကုန်မြို့ကို လာရောက်တဲ့ပြည်သူတွေ၊ ပြည်တွင်းခရီးသွားတွေ တစ်နေ့တခြား များပြားလာနေတာကလည်း နေ့စဉ်ပါပဲ။
အဝေးပြေးယာဉ်ရပ်နားစခန်း အသစ်ကြောင့် ရန်ကုန်ကို လာရောက်ကြမယ့် မွန်၊ ပဲခူး၊ တနင်္သာရီ တိုင်းဒေသကြီးဘက်က ခရီးသွားတွေ၊ အပြန်ခရီးသွားပြည်သူတွေ ကနဦးမှာ အခက်အခဲအနည်းငယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်အပြင် မြန်မာနိုင်ငံ ထက်ပိုင်းဒေသတွေကို ဆက်လက်ထွက်ခွာမယ့် ခရီးသွားပြည်သူတွေအတွက်လည်း ယာဉ်ပြောင်းစီးဖို့ အခက်အခဲရှိနိုင်ပေမယ့် အဲဒီအချက်တွေကိုလည်း အဆင်ပြေအောင် စီစဉ်ပေးသွားမှာ ဖြစ်ပါ တယ်။
ထပ်မံတိုးချဲ့ဖော်ဆောင်ဖို့ အစီစဉ်ရှိနေတဲ့ အဝေးပြေးယာဉ်ရပ်နားစခန်း
အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းရော ဒဂုံ-ဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တို့က ကြီးကြပ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုအသစ် ထပ်မံတိုးချဲ့ဖော်ဆောင်ဖို့ အစီစဉ်ရှိနေတဲ့ အဝေးပြေးယာဉ်ရပ်နားစခန်းကလည်း စနစ်တကျနဲ့ စီစဉ်ဆောင်ရွက်မှာမို့ ခရီးသွားပြည်သူတွေအတွက် အဆင်ပြေစေမယ့် အစီအစဉ်တစ်ခုအဖြစ် ထွက်ပေါ်လာမှာဖြစ်ပါတယ်။
မြန်မာ့အလင်း