ပြုံယမ်း ၂၄ ဇူလိုင်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ဆောက်လုပ်ပြီးစီးခဲ့သည့် ရေငုပ်သင်္ဘောအား ယမန်နေ့ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက သတင်းဖော်ပြသည်။

နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကား မြင့်မားစေရေးအတွက် ရေကြောင်း ကာကွယ်ရေးစနစ်ကို တိုးတက်ဖွံ့ဖြိုးရန် လိုအပ်သည်ဟု ခေါင်းဆောင်ကင်ဂျုံအန်က တာဝန်ရှိသူများအား ပြောကြားခဲ့သည်။

ယခု ဆောက်လုပ်ပြီးစီးခဲ့သည့် ရေငုပ်သင်္ဘောအသစ်ကို မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်တွင် တပ်ဖြန့်ထားရှိမည် ဖြစ်သည်။ သို့သော် သင်္ဘော၏ အခြေစိုက်စခန်း တည်နေရာကို ဖော်ပြခဲ့ခြင်း မရှိပေ။

ထို့ပြင် အဆိုပါ ရေငုပ်သင်္ဘော သည် နျူကလီးယားဒုံးကျည်များ ပစ်လွှတ်နိုင်သည့် စွမ်းပကားရှိကြောင်းနှင့် ၎င်းကို ဆင်ပိုဆိပ်ကမ်းမြို့တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ကျွမ်းကျင်ပညာရှိများက ပြောကြားခဲ့သည်။

လာမည့်လအတွင်း ပြုလုပ်မည့်အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို ပြုံယမ်းက ရှုတ်ချခဲ့ပြီးနောက် ခေါင်းဆောင်ကင်ဂျုံအန်၏ ရေငုပ်သင်္ဘော ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရန့်နှင့် ခေါင်းဆောင်ကင်ဂျုံအန်တို့ ဇွန်လက တွေ့ဆုံခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးသည် ဆက်လက်ကောင်းမွန်လျက်ရှိသည်ဟု သမ္မတထရန့်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် ကင်းစင်ပပျောက်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်မည်ဟု ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့ကြသော်လည်း ယခုထိတိုင်ဆွေးနွေးပွဲကျင်းပမည့် နေ့ရက်ကိုကြေညာခြင်းမရှိသေးပေ။

အင်န်အိတ်ချ်ကေ