ဟနွိုင်း ၂၄ ဇူလိုင်
ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၆ ဘီလီယံ ကီလိုဝပ်နာရီ၊ ၂၀၂၂ ခုနှစ်တွင် ၁၁ ဒသမ ၈ ဘီလီယံ ကီလိုဝပ်နာရီ ရှိလာနိုင်ပြီး ယင်းမှတစ်ဆင့် ၂၀၂၃ ခုနှစ်တွင် ၁၅ ဘီလီယံကီလိုဝပ်နာရီအထိ တိုးလာနိုင်ကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းသို့ လျှပ်စစ်ဓာတ်အား မလုံလောက်မှုဖြစ်ရခြင်းသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်၂၀ဝ ကျော်စီ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားပေးစီမံကိန်း ၄၇ ခုကို အကောင်အထည်ဖော်မှု နှေးကွေးနေခြင်းကြောင့်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ လျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူး ပိုဝမ်ဟိုအမ်ကင်မ်၏ ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်နယူး နေ့စဉ်သတင်းစာက ဖော်ပြသည်။
လျှပ်စစ်ဓာတ်အား မလုံလောက်မှုကိုဖြစ်စေသည့် အခြားသော အကြောင်းအချက်များမှာ မျှော်မှန်းထားသည်ထက် ဓာတ်အားလိုအပ်ချက် မြင့်မားခြင်း၊ ရေအားလျှပ်စစ်ထုတ်သည့် ရေလှောင်ကန်များသို့ ရေဝင်ရောက်မှုနည်းပါးခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ကျောက်မီးသွေးနှင့် ဓာတ်ငွေ့မလုံလောက်ခြင်းတို့ဖြစ်ကြောင်း ပိုဝမ်ဟိုအမ်ကင်မ်က ပြောကြားသည်။
ပူပြင်းသည့်နွေကာလ ရှည်ကြာမှုကြောင့် ယခုနှစ်ပထမနှစ်ဝက်အတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း တိုးခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၃၀ ပြည့်နှစ်အကြား လျှပ်စစ်အရင်းအမြစ်များမှစုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မည့် ပမာဏသည် မဂ္ဂါဝပ် ၇၈၃၀ဝ ခန့်ဖြစ်ပြီး နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး နောက်ဆုံးစီမံချက်တွင် မျှော်မှန်းထားသည့် ကိန်းဂဏန်းထက် မဂ္ဂါဝပ် ၁၇၅၀ဝ လျော့နည်းနေသည်။
ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်သူနှင့် အဓိက ဖြန့်ဖြူးသူ ဗီယက်နမ်လျှပ်စစ်ဓာတ်အားကုမ္ပဏီ၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် စုစုပေါင်းလျှပ်စစ်ဓာတ်အား ပမာဏ မဂ္ဂါဝပ် ၆၀ဝ၀ဝ၊ ၂၀၂၅ ခုနှစ်တွင် မဂ္ဂါဝပ် ၉၆၅၀ဝ ခန့်နှင့် ၂၀၃၀ ပြည့်နှစ်တွင် မဂ္ဂါဝပ် ၁၂၉၅၀ဝ လိုအပ်မည်ဖြစ်သည်။ ဤအခြေအနေကို ဖြေရှင်းရန်အတွက် ဗီယက်နမ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များမှ စုစုပေါင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏကို ၂၀၁၅ ခုနှစ်တွင် ၅၈ ဘီလီယံကီလိုဝပ်နာရီခန့် ရှိခဲ့ရာ မှ ၂၀၂၀ ပြည့်နှစ်တွင် ၁၀၁ ဘီလီယံ ကီလိုဝပ်နာရီ ထုတ်လုပ်ရန်၊ ထိုမှတစ်ဆင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၈၆ ဘီလီယံကီလိုဝပ်နာရီအထိ တိုးမြှင့်ထုတ်လုပ်ရန်နှင့် ယာယီဖြေရှင်းမှုအဖြစ် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန် စီစဉ်ထားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ဇော်လင်း