ရန်ကုန် ၂၄ ဇူလိုင်
အများပြည်သူများ စိတ်လက်အပန်းဖြေအနားယူရင်း ဗဟုသုတတိုးပွားစေရန်နှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်ထိန်းသိမ်းရန် သာကေတ မိကျောင်းမွေးမြူရေးစခန်းကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်
“ကျွန်တော်တို့ မိကျောင်းမွေးမြူရေးစခန်းကို အများပြည်သူတွေ ဘေးကင်းလုံခြုံစွာ လာရောက်ကြည့်ရှုလေ့လာနိုင်ဖို့ ၂၀၁၉ ခုနှစ် နှစ်စကတည်းက ဆောင်ရွက်ခဲ့ရာမှာ ယခုအခါမှာတော့ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပါတယ်။ နောက်လလောက်ဆိုရင်တော့ အားလုံးပြီးစီးနိုင်ပါတယ်။ အရင်ကသစ်သားနဲ့လုပ်ထားတဲ့ လျှောက်လမ်းနဲ့တံတားတွေကို ကွန်ကရစ်နဲ့ အစားထိုးဆောက်လုပ်ထားပါတယ်” ဟု သာကေတ မိကျောင်းမွေးမြူရေးစခန်းမှ ဒုတိယဦးစီးမှူး ဦးကေနန်လီက ပြောသည်။
အဆိုပါ မိကျောင်းမွေးမြူရေးစခန်းသည်မူလက စီးပွားဖြစ် မိကျောင်းထုတ်လုပ်ရန် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ သုတေသနလုပ်ငန်းနှင့် မျိုးမသုဉ်းစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သာကေတ မိကျောင်းမွေးမြူရေးစခန်းသည် သာကေတစက်မှုဇုန် နောက်ကျောတွင် တည်ရှိနေခြင်းကြောင့် လူသိနည်းပါးနေပြီး နေ့စဉ်လာရောက်လေ့လာသူဦးရေမှာ နည်းပါးနေကြောင်း၊ နေ့ကြီးအခါကြီးရက်များသာ လာရောက်သူများပြားကြောင်း၊ ကျောင်းများ၊ တက္ကသိုလ်များမှ လာရောက်သူများပြားကြောင်း သိရသည်။
ယင်းမိကျောင်းမွေးမြူရေးစခန်းကို ၁၉၇၆- ၁၉၇၇ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအခါ မိကျောင်းကောင်ရေ ၅၀ဝ ကျော် မွေးမြူထားကြောင်း၊ ရေချိုရေငန်စပ်၌သာ မွေးမြူနိုင်သော မိကျောင်းခေါင်းရှည် အမျိုးအစားသည် မျိုးသုဉ်းပျောက်ကွယ်တော့မည့် သားရဲတိရစ္ဆာန်များစာရင်းတွင် ထည့်သွင်းထားကြောင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှတွင် မွေးမြူဖြစ်ထွန်းသော်လည်း မြန်မာနိုင်ငံ၌သာ ကောင်ရေအများဆုံး ထိန်းသိမ်းထားကာ ကမ္ဘာလှည့်လေ့လာသူများ၊ သုတေသနပြုသူများ၊ ခရီးသွားများ အထူးအာရုံစိုက် လေ့လာလျက်ရှိကြောင်း သိရသည်။
မြင့်မောင်စိုး


