ကိုလင်း

မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ မျိုးဆက်သစ်လူငယ်များ ပါဝင်သည့် သဘင်လူငယ်အဖွဲ့သည် Private Teachers Association နှင့် ပူးပေါင်း၍ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ မြို့ အိုကီယမ်စင်တာ၌ ဇူလိုင် ၂၃ ရက်က ကျင်းပသည့် လူငယ်ပွဲတော် (Children of The World-2019) သို့ တက်ရောက်ရန် ဇူလိုင် ၁၉ ရက်က ရုရှားနိုင်ငံသို့ ထွက်ခွာခဲ့သည်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက “ဒီပွဲက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ယဉ်ကျေးမှုအဖွဲ့တွေက သူတို့ ရိုးရာတွေကို ကမ္ဘာကသိအောင် ပြသတဲ့ပွဲတစ်ခုပါ။ ကျွန်တော်တို့ ၂၀၁၈ ခုနှစ်တုန်းကလည်း သွားရောက်ခဲ့ဖူးပါတယ်၊ အဲဒီတုန်းကလည်း ဆုတွေအများကြီးရခဲ့လို့ ဝမ်းသာမဆုံးဖြစ်ခဲ့ရပါတယ်၊ ဒီခရီးစဉ်အတွက် လေယာဉ်ခ ကုန်ကျစရိတ်ကိုတော့ ကျွန်တော်တို့ ကိုယ်ပိုင်အစီအစဉ်နဲ့ သွားရောက်ကြတာပါ၊ နေထိုင်စားသောက်ခြင်း ကိစ္စအဝဝအတွက်တော့ ရုရှားနိုင်ငံဘက်က တာဝန်ယူစီစဉ်ပေးပါတယ်၊ ဒီနှစ် ခရီးစဉ်လေးအတွက် ပံ့ပိုးကူညီမှုများပေးတဲ့ CB ဘဏ် ဥက္ကဋ္ဌကြီး ဦးခင်မောင်အေး၊ ကရင်ပြည်နယ် သဘင်နာယကကြီး ဦးစောချစ်သူ၊ လူငယ်များ ပြိုင်ပွဲဝင်ရာမှာ အသုံးပြုမယ့် Welcome to Myanmar  တေးသီချင်းကို အသုံးပြုခွင့်ပေးတဲ့အပြင် လူငယ်တွေအတွက် မြန်မာနိုင်ငံအလံကိုယ်စားပြုအရောင် ဂျာကင်တွေ လက်ဆောင်ပေးတဲ့ SNARE အဖွဲ့၊ တူညီမြန်မာဝတ်စုံတွေ စီစဉ်ပေးတဲ့ နန်းတက်မင်းသား ပိုးထည်တိုက်နဲ့ အခြားကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

လူငယ်ပွဲတော်သို့ ယခုနှစ်သွားရောက်သော မြန်မာ့သဘင် လူငယ်အဖွဲ့တွင် ဗဟို သဘင်အမှုဆောင် (၃) ဒေါ် မြတ်နုသွေး ခေါင်းဆောင်၍ သဘင်မျိုးဆက်သစ် လူငယ်များ လိုက်ပါသွားကြကြောင်း သိရသည်။

အဆိုပါ လူငယ်ပွဲတော်သို့ မြန်မာနိုင်ငံမှလူငယ်များ ယမန်နှစ်က ပထမဆုံးအကြိမ် သွားရောက်စဉ်က ပွဲတော်အနုပညာပြိုင်ပွဲ၏ အမြင့်ဆုံး Grand Prix  ဆုကြီးကို မြန်မာလူငယ်များ က ဆွတ်ခူးနိုင်ခဲ့ကြောင်းနှင့် ယခုနှစ်ပွဲတော်သို့ ဂျပန်၊ တရုတ်၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်၊ စပိန်၊ ကိုရီးယား၊ မွန်ဂိုလီးယား၊ ပြင်သစ်၊ ဆာဘီးယား၊ ဘယ်လာရုစ်၊ ဂရိ၊ အယ်လ်ဂျီးရီးယား၊ ဆွစ်ဇာလန်၊ ဘူလ်ဂေးရီးယား၊ လာအို၊ ဗီယက်နမ်၊ ကာဇက်စတန်၊ မြန်မာနှင့် ရုရှားနိုင်ငံတို့မှ လူငယ်အဖွဲ့များ တက်ရောက် ကြကြောင်း သိရသည်။

မြန်မာ့အလင်း