မင်းဘူး ၂၄ ဇူလှိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အဆင့်တိုးမြှင့်ဖွင့်ပွဲနှင့် အိန်ဂျယ်ဓာတ်ပုံ မိသားစုမှ လှူဒါန်းသော ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ရေတွင်းကုန်းကျေးရွာ အထက်တန်း ကျောင်း(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဦးထိန်ဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဦးကြည်စိုး(အိန်ဂျယ်-ဓာတ်ပုံ၊ဗီဒီယို) တို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်မှ အမှာစကားပြောကြားခဲ့သည်။ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဦးထိန်ဝင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ ဦးကြည်စိုး(အိန်ဂျယ်-ဓာတ်ပုံ၊ဗီဒီယို)က လှူဒါန်းရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်သည်(၉၀x၃၀)ပေ အိန်ဂျယ် Steel Structure ကျောင်းဆောင်သစ်၊ ကျောင်းခြံစည်းရိုး၊ Steel ရေစင်၊ ရေစုပ်စက် စုစုပေါင်းကုန်ကျငွေ သိန်း(၅၅၀)ကျပ် အကုန်ကျခံ ဆောက်လုပ်ခဲ့ပြီး ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မင်းဘူးမြို့နယ် ပညာရေးမှူးရုံး ဦးကြည်လွင်မှ လက်ခံရယူပြီး အထိမ်းအမှတ် အလံများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ တိုင်းဒေ သကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်ဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ခရိုင်ပညာ ရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းအေး၊ ခရိုင်ရဲမှူး ဒုရဲမှူးကြီး ညီဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြို့နယ်ပညာရေးမှူး ဦးကြည်လွင်၊ ရေတွင်းကုန်းကျောင်းအုပ်ဆရာကြီး ဦးဇင်မင်းထက်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဦးကြည်စိုး(အိန်ဂျယ်- ဓာတ်ပုံ၊ဗီဒီယို)နှင့် မိသားစုဝင်များ စုစုပေါင်းအင်အား ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း( မင်းဘူး)


