ဘိုကလေး  ၂၄   ဇူလိုင် 


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်ရှိ၊ စက်ဆန်းကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီ၌ အာဆီယံအမွေအနှစ် မိန်းမလှကျွန်းဘေးမဲ့တော တာဝန်ခံယူမှုဆိုင်ရာထိန်းသိမ်းရေး ပြည်သူ့စကားဝိုင်းကျင်းပသည်။


အဆိုပါ ပြည်သူ့စကားဝိုင်းအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကြီးမှူးဆောင်ရွက်မှု၊ လူမှုဖွံဖြိုးတိုးတက်ရေးအလင်းတန်းအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခြင်းဖြစ်ပြီး စကားဝိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်မှ အာဆီယံအမွေအနှစ် မိန်းမလှကျွန်းဘေးမဲ့တောကြီး ရည်ရှည်တည်တံ့ခိုင်မြဲရေးအတွက် အားလုံးပူးပေါင်း၍ ထိန်းသိမ်း ကာကွယ်ရန် လိုအပ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးမှ မိန်းမလှကျွန်းဘေးမဲ့တော ရည်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထုတ်ပြန်ထားသော အမိန့်များ၊ တားမြစ်ချက်များအား သက်ဆိုင်ရာ ဝန်ထမ်းများမှ အောင်မြင်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ထုတ်ပြန်ထားသော အမိန့်များ၊ တားမြစ်ချက်များအား တာဝန်သိစွာဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူမှုဖွံဖြိုးတိုးတက်ရေးအလင်းတန်းအဖွဲ့မှ ဦးအုန်းကြွယ်က မိန်းမလှကျွန်း ဘေးမဲ့တော နှင့်ပတ်သတ်၍ အကျယ်တဝင့် ပြောကြားခဲ့ကြောင်း၊ တက်ရောက်လာသော ဒေသခံပြည်သူများ၏ မေးမြန်းချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ် အပါအဝင် မိန်းမလှကျွန်းဘေးမဲ့တော အုပ်ချုပ်ရေးမှူး၊ မြို့နယ် သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် စကားဝိုင်းသို့ စက်ဆန်းကျေးရွာအုပ်စု၊ ထော်ပိုင်ကျေးရွာအုပ်စု၊ ပျဉ်ဘိ်ုးကြီးကျေးရွာအုပ်စု၊ ဆပ်ကျွန်းကျေးရွာအုပ်စုနှင့် ချောင်းဗြဲကြီးကျေးရွာ အုပ်စုမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။    


မိန်းမလှကျွန်းဘေးမဲ့တောသည် ၁၉၁၅ ခုနှစ်တွင် ထင်းကြိုးဝိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၈၅ခုနှစ်တွင်း(တိုးချဲ့) ကြိုးဝိုင်းအဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ၂၀ဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ကြောင်းနှင့် ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသ အဖြစ်သတ်မှတ်ခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။


မိုးစက် (ဘိုကလေး)