မန္တလေး  ၂၄   ဇူလိုင်


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်ရှိ သွားဆေးခန်းတွင် ယနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာမှာ ဆိုင်ကယ်ခြောက်စီးနှင့် တရုတ်နိုင်ငံကူး လတ်မှတ် ၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

1

 


ယနေ့ မနက် ၄ နာရီခန့်က မောရဂီဝါရပ်ကွက် ၊ ၃၃ လမ်း ၊ ၇၅ လမ်းနှင့် ၇၆ လမ်းကြားရှိ ငွေတောင်ဦးသွားဆေးခန်း အပေါ်ထပ်မျက်နှာကြက်တွင် သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။


မီးလောင်ကျွမ်းမှုကြောင့် အနီးရှိ တိုက်ခန်းများ မီးကူးစက်လောင်ကျွမ်းခဲ့ကာ  ဆိုင်ကယ်ခြောက်စီး၊ တရုတ်နိုင်ငံကူးလက်မှတ် ၃၀ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့်  သိန်း ၂၄၈ သိန်းကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။


‘အဲဒီနားကို တိုက်ခန်းမှာ ကုမ္ပဏီဖွင့်ထားတဲ့ဆီက တရုတ်နိုင်ငံကူးလက်မှတ် ၃၀ ကျော် ပါသွားတယ်’ ဟု မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်ကပြောသည်။


မီးလောင်မှုဖြစ်ပွားရာသို့ မီးငြိမ်းသတ်ယာဉ် ၁၅ စီး၊ ရေသယ်ယာဉ် ၃၅ စီး၊ အထောက်အကူပြုယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး နှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၈၀ ခန့်ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။


မီးလောင်မှုစတင်ဖြစ်ပွားခဲ့သည့် အိမ်ပိုင်ရှင် ဒေါ်တင်တင်ရွှေအား အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။


‘အဓိကကတော့ မိဘတွေလက်ထပ်ကတည်းက သုံးခဲ့တဲ့ ဝါယာကြိုးတွေကို ပြန်လဲဖို့၊ လူတွေတောင်မှ သက်တမ်းရှိသေးတာပဲ။ အဲဒီတော့ မီးလောင်မှုမဖြစ်ခင်ကတည်းက ၁၀ နှစ်သက်တမ်းရှိပြီဆိုရင် ဝါယာကြိုးတွေ လဲလှယ်သင့်တယ်။ ပြီးရင် မီးသတ်ဆေးဘူးဆောင်ထားပါ’ဟု မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က အသိပေးပြောကြားသည်။


အိမို့မို့ခိုင်