အောင်လံ  ၂၄   ဇူလိုင် 


အောင်လံမြို့နယ်ပြည်သူ့ဆေးရုံသည် ကုတင်(၅၀)ဆန့်ဆေးရုံဖြစ်ပြီး  ပြည်သူများ အားကိုးအားထားပြုကြသဖြင့် ဆေးရုံနှင့် လူနာအင်အားမမျှပဲ ဆေးကုသမှုခံယူသည့် လူနာအင်အားမှာ များပြားလျှက်ရှိကြောင်း သိရသည်။


ယင်းအခက်အခဲကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်မှ နှစ်ထပ်လူနာဆောင်ကို တိုးချဲ့ဆောက်လုပ်ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများ လူနာကုတင်နှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် စေတနာရှင်များက ပဒေသာပင်များ ဖွင့်လှစ်ပြီး လှူဒါန်းဆောင်ရွက်လျှက်ရှိကြသည်။ 


ထို့ကြောင့် ယင်းအလှူရှင်များ၏ကျေးဇူးကို တုံ့ပြန်သောအားဖြင့် မြို့နယ်ကျန်းမာရေး ဆေးပဒေသာပင် ဖောင်ဒေးရှင်းမှ အလှူရှင်များအားဂုဏ်ပြုပွဲကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့ အ.ထ.က(၁) ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။


ယင်းဂုဏ်ပြပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးကျော်က အဖွင့်အမှာစကား ပြောကြား၍ ကျန်းမာရေး ဆေးပဒေသာပင် ဖောင်ဒေးရှင်းဥက္ကဌ ဦးသာအိက ပဒေသာပင်ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်က  ကျေးဇူးတင် ဝမ်းမြောက်စကားနှင့် ရှေ့လုပ်ငန်းစဉ်များအားပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ဆေးရုံပဒေသာပင်အတွက် စုစုပေါင်း ကျပ်သိန်း(၈၇၀)ကို မတည်လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သိန်းလွင် (အောင်လံ)