လွိုင်ကော် ၂၄ ဇူလိုင်
ကယားပြည်နယ် လွိုင်ကော်မြို့မှ ရေလမ်းခရီးကို အသုံးပြုကာ မိုးဗြဲရေကာတာအတွင်း ဖြတ်သန်းပြီး အင်းလေးအထိ သွားလာသည့် ခရီးစဉ်ကို ယခုအခါ ၂၄ နာရီ အသုံးပြုရန် စီစဉ်ထားခြင်းကြောင့် ခရီးသွားလာသူ ယခင်ကထက် ပိုမိုများပြားလာနေကြောင်း သိရသည်။

မိုးဗြဲရေကာတာကို ၁၉၆၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် စတင်ဖွဲ့လှစ်ခဲ့သည်။ တာတမံအလျားသည် ၈၀ဝဝ ပေခန့်နှင့် အမြင့်ပေ ၆၀ ရှိပြီး ရေတံခါးမှာ လေးပေါက်ခန့် ပါဝင်ကြောင်း သိရသည်။ ရေမိုင်အရှည်သည် လွိုင်ကော်မှ ရေတံခါးအထိ ၁၈ မိုင်ခန့်ကွာဝေးပြီး ရေတံခါးမှ အင်းလေးအထိ ၇၆ မိုင်ခန့်ဝေးကြောင်း သိရသည်။ အဆိုပါ ရေတံခါးကို ယခင်က ပိတ်ထားခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရေတံခါးကို အချိန်ပြည့် အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားခြင်းကြောင့် အချိန်မရွေး ရေတံခါးကို ဖြတ်ကျော်က အင်းလေးကန်အတွင်း သွားရောက်လည်ပတ်နိုင်ခြင်းကြောင့် ခရီးသွားများ ပိုမိုနှစ်ခြိုက်ကြကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်နယ်ရုံးမှ သိရှိရသည်။
လွိုင်ကော်မြို့မှ ရေလမ်းခရီးဖြင့် အင်းလေးသို့သွားလာရန် ယခင်က ရေတံခါးကိုအချိန်ဖြင့်သာ ဖွင့်ပေးသော်လည်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၄ နာရီ သွားလာနိုင်အောင် ရေတံခါးတွင် အချိန်ပြည့်ဝန်ထမ်းများကို ထားရှိဆောင်ရွက်ပေးနေကြောင်း သိရသည်။ “မိုးဗြဲရေကာတာကို ရောက်ဖို့ လွိုင်ကော်ကနေ ၁၅ မိနစ်ကြာ စက်လှေစီးရပါတယ်။ ဖယ်ခုံမြို့အထိဆိုရင် ၄၅ မိနစ်အကြာ စီးနင်းရသလို လွိုင်ကော်ကနေ အင်းလေးအထိဆိုရင် အချိန် ၁ နာရီခွဲဝန်းကျင် စီးနင်းရတာဖြစ်ပါတယ်။ အများစုကတော့ ရေလမ်းခရီးကနေ မြင်တွေ့ရမယ့် သဘာဝအလှအပတွေကို ကြည့်ရှုဖို့အတွက် ဖြစ်ပါတယ်။ အချိန်မရွေး သွားလာနိုင်တဲ့အတွက် အတော်လေး အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ရေတံခါးမှာ စက်လှေတစ်ခါဖြတ်ရင် လေးစီးအထိ သွားလို့ရပါတယ်။ ရေတံခါးဖြတ်သန်းချိန်ကတော့ ငါးမိနစ်သာ ကြာမြင့်ပါတယ်” ဟု ကယန်းအလှခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးသန်းထွေးက ရှင်းပြသည်။
ရေတံခါးဖြတ်ကျော်ရမှုကြောင့်လည်း ခရီးစဉ်ကို လူစိတ်ဝင်စားခြင်းဖြစ်ပြီး ရေအမြင့်ကို ချိန်ညှိကာ တံခါးများကို အတင်အချပြုလုပ်ပေးခြင်းဖြင့် ရေကာတာမှတစ်ဆင့် အင်းလေးကန်အတွင်းသို့ ဖြတ်သန်းဝင်ရောက်ရခြင်းဖြစ်သည်။ ရေလမ်းခရီး ပိုမိုခေတ်စားလာခြင်းကြောင့် သမိုင်းဝင် မိုးဗြဲဘုရားဖူးမြော်သူများနှင့် စည်ကားလာပြီး လွယ်ပန်းဆုံအပါအဝင် စက်လှေခရီးတစ်လျှောက်မှ ကျေးရွာဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိလာပြီဖြစ်သည်။ စက်လှေခရီးတွင် ဘုရားနီ၊ ဖောင်းတော၊ ဘုရားဖြူကျေးရွာများမှ ဒေသခံများ၏ ရိုးရာနေထိုင်မှုများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လေ့လာနိုင်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။
စက်လှေတစ်စီးတွင် ခရီးသည် ခြောက်ဦးခန့်တင်ဆောင်သွားကြပြီး ခရီးသွားလာစဉ် လုံခြုံရေးအတွက်ပါ ကြိုတင်စီမံမှုများ ပြလုပ်ထားကြောင်းသိရသည်။ မိုးဗြဲရေလှောင်တမံမှ စိုက်ပျိုးရေးအတွက်လည်း ရေတံခါးနှစ်ပေါက်ခန့် ထားရှိခြင်းကြောင့် စိုက်ပျိုးမြေ ဧကနှစ်သောင်းအား ရေပေးဝေနိုင်ပြီး ဒေသကိုအကျိုးပြုသည့် ရေကာတာနှင့် ရေလှောင်တမံများဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်ပြန်/ဆက် သတင်းအဖွဲ့သားများ