ရေးသားသူ- Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win

အူမကြီးကျန်းမာမှ ခန္ဓာကိုယ်က ရောဂါကင်းပြီးကျန်းမာမှာပါ။ စားလိုက်တဲ့ အစာအာဟာရတွေကနေ လိုအပ်တဲ့ အာဟာရကိုစုပ်ယူပြီးတဲ့အခါ မလိုအပ်တဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်မှ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က ဟန်ချက်ညီပြီး ကျန်းမာမှာပါ။ ဒီတော့ အူမကြီးကကောင်းကောင်းအလုပ်လ်ုပဖို့ မလိုပေဘူးလား။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ အူမကြီးကျန်းမာစေဖို့အတွက် အထောက်အကူပြုမယ့်နည်းလမ်းလေးပြောပြပေးပါရစေလား။

အူမကြီး ကခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးလဲ……..
အူမကြီးက အစာခြေစနစ်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်နေတဲ့ အူတွေရဲ့ အကြီးဆုံးအစိတ်အပိုင်းပါ။ စားလိုက်တဲ့ အစားအစာတွေထဲကပိုလျှံနေတဲ့ ရေတွေ၊ ဆားတွေကို ထိန်းသိမ်းပေးထားပြီး အစာဟောင်းတွေကို စအိုဆီကိုပို့ဆောင်ပေးလို့ ခန္ဓာကိုယ်ပြင်ပကို မစင်အဖြစ်စွန့်ထုတ်စေဖို့ လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းပါ။

အူမကြီးကောင်းကောင်းအလုပ်မလုပ်ရင် ဘာတွေဖြစ်လာနိုင်လဲ……..
အူမကြီးကကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ

-    ဝမ်းချုပ်တာ
-    ဝမ်းပျက်တာ နဲ့
-    အစာခြေစနစ် ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုကနေတဆင့် အူမကြီးကင်ဆာဖြစ်တဲ့အထိခံစားရနိုင်ပါတယ်။
အူမကြီးသန့်စင်ဖို့ သောက်သင့်တဲ့ ဖျော်ရည် ၅ မျိုးကဘာတွေလဲ……….
ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အူမကြီးသန့်စင်စေဖို့ဆိုရင် ဒီ ဖျော်ရည်လေးတွေကို သောက်သုံးပေးသင့်ပါတယ်။

မက်မန်းဖျော်ရည် 

သဘာဝဝမ်းနုတ်ဆေးတစ်မျိုးပါ။ ဝမ်းမှန်စေနိုင်ပြီး အူမကြီးကို အထိရောက်ဆုံးသန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် A၊ ပိုတက်ဆီယမ်၊ ကော့ပါးတို့ပါဝင်နေတာကြောင့် အူမကြီးကို ကျန်းမာစေနိုင်မှာပါ။ မက်မန်းသီးဖျော်ရည်တစ်ခွက်စာမှာအမျှင်ဓာတ်က ၃ ဂရမ်အထိပါဝင်နေတာကြောင့် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ကို ပြည့်ဝစွာရရှိစေနိုင်မှာပါ။

ပန်းသီးဖျော်ရည်

အူမကြီးမှာ ရေဓာတ်ပြည့်ဝနေစေပြီး ဝမ်းပျော့ပျော့သွားစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေပြီး အူမကြီးကို အကောင်းဆုံး စွမ်းဆောင်ရည်ရရှိစေနိ်ုင်မှာပါ။ အချိုမထည့်ထားတဲ့ ပန်းသီးဖျော်ရည်တစ်နေ့တစ်ခွက်သောက်သုံးမှုက အူမကြီးကို အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်မှာပါ။

ဇီးသီးဖျော်ရည်

တရုတ်ဇီးသီးလို့ ခေါ်ကြတဲ့ ဇီးသီးဖျော်ရည်က ဝမ်းမှန်စေနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူမကြီးကို ကျန်းမာစေမှာပါ။ ဇီးသီးဖျော်ရည်သောက်သုံးမှုက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပိုတက်ဆီယမ်၊ ဗီတာမင် A နဲ့ ဗီတာမင် Cကို ပြည့်ပြည့်ဝဝရရှိစေမှာပါ။

သစ်တော်သီးဖျော်ရည်

အူမကြီးက အဆိပ်အတောက်တွေဖယ်ရှားပေးပြီး အူမကြီးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ နောက်ဖျော်ရည်တစ်မျိုးက သစ်တော်သီးဖျော်ရည်ပါ။ သစ်တော်သီးမျာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပြီး အူအတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ကျန်းမာစေလို့ အူမကြီးရော အစာခြေစနစ်ကိုပါ ကျန်းမာစေမှပါ။

လိမ္မော်သီးဖျော်ရည်

ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် အူမကြီးအပါအဝင် အစာခြေစနစ်ကိုကျန်းမာစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်သလို အမျှင်ဓာတ်ပါဝင်နေမှုကလည်း အူမကြီးကိုအကောင်းဆုံးသန့်စင်ပေးနိုင်မှာပါ။ သဘာဝလိမ္မော်သီးစစ်စစ်ကို ဖျော်သောက်ပေးပြီး အူမကြီးကို အထိရောက်ဆုံး သန့်စင်ပေးလို့ရပါတယ်။

လွယ်ကူတဲ့ ဖျော်ရည်လေးတွေကို ကိုယ်တိုင်လုပ်သောက်လို့ အူမကြီးကျန်းမာရေးကို စောင့်ရှောက်လိုက်ပါနော် Hello ဆရာဝန်ပရိသတ်ကြီးရေ…………

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
-------------
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”