နေပြည်တော် ၂၄ ဇူလိုင်

လူတိုင်းအကျုံးဝင် ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (မသန်စွမ်းကလေးများအတွက် အကျုံးဝင်မှု) Seminar on Inclusive Education-Inclusion for Children with Disabilities ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်မှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် နိုင်ငံသားများ၏မွေးရာပါ အခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်နှင့်အညီ အခြေခံပညာကို နိုင်ငံသားတိုင်း သင်ယူတတ်မြောက်ရေး၊ ကျောင်းနေအရွယ် ကလေးသူငယ်နှင့်လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် မသန်စွမ်းသူများအပါအဝင် လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်၊ အထူးပညာရေးအစီအစဉ်နှင့် ပညာရေးအထူးဝန်ဆောင်မှု အစီအစဉ်များအရ ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးတစ်ခုခုတွင် အခြေခံပညာသင်ယူ နိုင်ခွင့်ရရှိရေး၊ အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်နိုင်ရေးမူဝါဒများနှင့်အညီ မည်သည့်ခွဲခြားမှုမျှမရှိဘဲ ပညာသင်ယူခွင့်ရရှိရေး၊ မည်သူတစ်ဦးတစ် ယောက်မှမကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူမရှိစေရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ၏ ပညာရေးရည်မှန်းချက်များနှင့်အညီ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ 

အခြေခံပညာအရည်အသွေး၊ အခွင့်အလမ်းနှင့် လူတိုင်းအကျုံးဝင်မှုကဏ္ဍကို ပိုမိုအားကောင်းလာစေရန်အတွက် အလေးပေးဆောင်ရွက်ရာတွင် သင်ယူသူအားလုံး၏ လိုအပ်ချက်များကို အသိအမှတ်ပြုပြီး ကျေးလက်-မြို့ပြ၊ ဆင်းရဲ-ချမ်းသာ၊ ဘာသာရေး၊ ဘာသာစကား၊ ကျား/မ၊ သန်စွမ်းမှု-မသန်စွမ်းမှုနှင့် အခြားသော အကြောင်းရင်းများကို မည်သည့်ခွဲခြားမှုမျှမရှိဘဲ လူတိုင်းအကျုံးဝင်ပညာရေးကိုအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၄.၆ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ မသန်စွမ်းကလေးသူငယ်များသည် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိရန်နည်းပါးခြင်း၊ လူ့အဖွဲ့အစည်းအတွင်း ၎င်းတို့၏ ကြုံတွေ့နေရသော အခက်အခဲများရှိခြင်းတို့ကို ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မသန်စွမ်းကလေးများ၏ အခြေအနေလေ့လာဆန်းစစ်မှု အစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း။    

မသန်စွမ်းကလေးများအနေဖြင့် အခြားသောကလေးငယ်များနည်းတူ ပညာသင်ယူခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် လူ့အဖွဲ့အစည်းတွင် ပါဝင်စောင့်ရှောက်ခွင့်များ ခံစားရရှိစေရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးပူးပေါင်း၍ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကချင်၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်ရှိ အခြေခံပညာကျောင်းများ၌ မသန်စွမ်း မူလတန်းကျောင်းသား ၈၄၃ ဦး၊ အလယ်တန်းကျောင်းသား ၃၅၂ ဦး၊ အထက်တန်းကျောင်းသား ၈၆ ဦးဖြင့် စုစုပေါင်း (၁၂၈၁) ဦး ပညာသင်ယူလျက်ရှိပါကြောင်း၊ ၎င်းတို့အား ပညာသင်ထောက်ပံ့ကြေးအနေဖြင့် မူလတန်းအဆင့်အား တစ်လလျှင် ကျပ် ၅၀ဝ၀ (တစ်နှစ်လျှင် ကျပ် ၅၀ဝ၀ဝ)၊ အလယ်တန်းအဆင့်အား တစ်လလျှင် ကျပ် ၈၀ဝ၀ (တစ်နှစ်လျှင် ကျပ် ၈၀ဝ၀ဝ)၊ အထက်တန်းအဆင့်အား တစ်လလျှင် ကျပ် ၁၀ဝ၀ဝ (တစ်နှစ်လျှင် ကျပ် ၁၀ဝ၀ဝ၀) နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း။

၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှုတွင်လည်း အမြင်မသန်စွမ်းသူ ၂၄ ဦးဖြေဆိုရာတွင် ၄ ဦးအောင်မြင်ခဲ့ပါကြောင်း၊ အကြားမသန်စွမ်းသူ ၁၅ ဦးဖြေဆိုရာတွင် ၂ ဦးအောင်မြင်ခဲ့ပါကြောင်း၊ ကိုယ်လက် မသန်စွမ်းသူ ၁၁၁ ဦးဖြေဆိုရာတွင် ၂၆ ဦး အောင်မြင်ခဲ့ပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးဖြင့် လူတိုင်းအကျုံးဝင်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရေးအကြီးဆုံးမှာ တတိယတန်းပြီးသော ကျောင်းသားကျောင်းသူများအားလုံး ဖတ်တတ်၊ တွက်တတ်၊ ရေးတတ် ရန်ဖြစ်ပါကြောင်း၊ ဆရာဆရာမများက ပျော်ရွှင်စွာဖြင့်ပညာရေးကိုတန်ဖိုးထား သင်ကြားသင်ယူပေးနိုင်မှသာ သင်ယူတတ်မြောက်ရန်ခက်ခဲသော ကျောင်းသားကျောင်းသူများကို သင်ယူမှုပတ်ဝန်းကျင်ကောင်းဖြင့်   သင်ယူပြီးမြောက်မှု စွမ်းရည်ကောင်းများရရှိအောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။

ယနေ့ ၂၁ ရာစုတွင် တစ်သက်တာသင်ယူရန်နှင့် ကျွမ်းကျင်မှုများရရှိရန် လေ့ကျင့်ဖို့လိုအပ်သလို ကောင်းမွန်သော သဘောထားအမြင်နှင့် အပြန်အလှန် နားလည်၊လေးစား၊ တန်းဖိုးထားပြီး ကူညီတတ်ရန်လည်း လိုအပ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်တတ်ရန်နှင့် တာဝန်ယူ၊ တာဝန်ခံပြီး အကောင်းဆုံးဆောင်ရွက်တတ်နိုင်မှသာ ကိုယ့်ကိုယ်ကိုအားကိုးပြီး ကောင်းမွန်သောဘဝကို ပိုင်ဆိုင်နိုင်သော အခွင့်အလမ်းရှိမည်ဖြစ်ပါကြောင်း၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်သော စွမ်းရည်များရရှိရေးနှင့် တစ်သက်တာသင်ယူလေ့ကျင့်ပြီး ပရော်ဖက်ရှင်နယ် ဖြစ်လာစေရေးတို့ကို ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် Paul Edwards UNICEF (Deputy Representative) က နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်၍ ဖြည့်စွက်အမှာစကား ပြောကြားသည်။

ယင်းနောက် အမှတ်တရ စုပေါင်းဓာတ်ပုံများရိုက်ကူးကြပြီး နှီးနှောဖလှယ်ပွဲကိုအစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။

ယနေ့နှီးနှောဖလှယ်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများ၊ ပညာရေးကောလိပ်နှင့် အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်