ရန်ကုန် ၂၄ ဇူလိုင်
Tresoil Guilds အဖွဲ့ကကြီးမှူး၍ မလေးရှားနိုင်ငံ ကင်းထောက်အမျိုးသမီးအသင်းက တာဝန်ယူကျင်းပသည့် နိုင်ငံတကာကင်းထောက် အမျိုးသမီးများ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး တွေ့ဆုံဆွေးနွေးပွဲ (Bridging Guilds 2019) တက်ရောက်ရန် မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ ဦးဆောင်သည့် ကင်းထောက်အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်(၁၁)နာရီတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားရာ အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်နှင့် ကင်းထောက် အမျိုးသမီးကြီးများ၊ မိသားစုများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါအဖွဲ့တွင် ကင်းထောက် အမျိုးသမီးအဖွဲ့မှ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာနှင့်အတူ ကင်းထောက်အမျိုးသမီးကြီး ဒေါ်ကြည်ကြည်ဆင့်၊ ဒေါ်သိန်းသိန်းဝင်း၊ ဒေါက်တာ ဒေါ်ခင်မာလာ၊ ဒေါ်မြသန္တာဝင်း၊ ဒေါ်နီလာသန်းတို့ လိုက်ပါသွားကြသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နိုင်ငံတကာ ကင်းထောက်အမျိုးသမီးများ ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေး တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် (၂၅)ရက်မှ (၂၈)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် ကင်းထောက်အမျိုးသမီးများ နိုင်ငံအလိုက်ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်အတွက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက မိမိတို့နိုင်ငံအလိုက် ကင်းထောက်လုပ်ငန်း အတွေ့အကြုံများ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ အခက်အခဲကျော်ဖြတ်ရန် နည်းလမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ရိုးရာဓလေ့ ယဉ်ကျေးမှုထုံးစံများ၊ အစားအစာများ၊ တေးသီချင်းအက ဖြေဖျော်မှုများ၊ ဟောပြောဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပြီး မလေးရှားနိုင်ငံတွင် ထင်ရှားသည့် နေရာဒေသများ ကိုလေ့လာရေး သွားရောက်ကာ ချစ်ကြည်ရင်းနှီးမှုရရှိစေရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်းစဉ်


