နေပြည်တော် ၂၄ ဇူလိုင် 

သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖမ်းဆီးခြင်းကို ဇူလိုင် ၂၂ ရက်က သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းစစ်ကြောင်းအဖွဲ့နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် တညောင်ကျေးရွာ၏ မြောက်ဘက်၌ ဟီးနိုး(၆)ဘီးယာဉ်ပေါ်မှ လုံးပတ်(၃)ပေအောက် သန်းသစ် ၃ ဒသမ ၆၂၂၆ တန်၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ကုန်းဇောင်း-သရက်တော ကျေးရွာချင်းဆက်လမ်း မန္တလေးစုကျေးရွာတောင်ဘက်၌ ဟီးနိုး(၆)ဘီး ယာဉ်ပေါ်မှ နဘဲ/ သန်း/ ဇောင်းပလွေး/ ရုန်း/ ဒီဒူး ခွဲသား စုစုပေါင်း ၅ ဒသမ ၄၄၂၆ တန်နှင့် မျှင်ဝါး (၇၀၈)လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

1

 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ရွှေကျင်ကြိုးဝိုင်းအတွင်းမှ ကညင်သစ် ၁၀ ဒသမ ၃၀၃၀ တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မောင်လူမော်