နေပြည်တော် ၂၄ ဇူလိုင်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနနှင့် BIM Myanmar Co.,Ltd တို့ ပူးပေါင်း၍ အင်ဂျင်နီယာများအား အရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာ ဒီဇိုင်းနည်းပညာတစ်ခုဖြစ်သော Building Information Modeling (BIM) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး BIM Myanmar Co.,Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုးမင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အင်ဂျင်နီယာများအား အရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်မားစေရန် သင်တန်းဖွင့်လှစ်ပေးခြင်း အထိမ်းအမှတ်အဖြစ် BIM Myanmar Co., Ltd မန်နေးဂျင်းဒါရိုက်တာ ဦးစိုးမင်းထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ယနေ့ ဖွင့်လှစ်သည့် Building Information Modeling (BIM) ၏ အကျိုးသက်ရောက်မှုမှာ လုပ်ငန်းအပ်နှံသူများ၏ လိုအပ်ချက်များကို BIM Model တွင် ကြိုတင်ကြည့်ရှုကာ ဖြည့်ဆည်းပေးနိုင်ခြင်း၊ စီမံကိန်းလုပ်ငန်းစနစ်များအား စီမံကိန်းမစတင်မီ ကြိုတင်ညှိနှိုင်းထားပြီးဖြစ်ခြင်း၊ နယ်ပယ်အားလုံးမှ ကျွမ်းကျင်သူများအနေနှင့် Cooperation, Coordination နှင့် Collaboration တို့ဖြင့် ရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ လိုအပ်သော ဒီဇိုင်းများအား စီမံကိန်းမစတင်မီ အတည်ပြုလက်စသတ်နိုင်ခြင်း၊ Digitized လုပ်ပြီးသိမ်းဆည်းထားနိုင်သည့်အတွက် အချိန်နှင့်တပြေးညီ ပြန်လည်အသုံးချနိုင်စွမ်းရှိခြင်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း အချက်အလက်အတိအကျများကို စုစည်းထိန်းသိမ်းထားနိုင်သည့်အတွက် လုပ်ငန်းစဉ်များ ပိုမိုချောမွေ့ပြီး ပြင်ဆင်ထိန်းသိမ်းစရိတ် လျှော့ချနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာကို အခြေခံသည့် တည်ဆောက်ရေးစနစ်ကြောင့် အချိန်နှင့် ကုန်ကျစရိတ်များ လျော့ချနိုင်ကာနိုင်ငံတော်၏ GDP ကိုပါ တစ်ဖက်တစ်လမ်းက တိုးတက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်သည်။
အဆိုပါသင်တန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနခွဲများမှ ဗိသုကာ၊ မြို့ပြ၊ လျှပ်စစ်၊ ရေသန့်အင်ဂျင်နီယာ (၁၃၃) ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး Architect , Structure နှင့် Mechanical & Electrical နယ်ပယ် (၃)ရပ်ကို တစ်ပတ်လျှင် တစ်ရက်စီဖြင့် သင်တန်းသားများကို (၃) ဖွဲ့ခွဲ၍ ပို့ချသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင် ၂၅ ရက်မှ စတင်ကာ (၁)နှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်


