နေပြည်တော် ၂၄ ဇူလိုင်
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ (၂/၂၀၁၉) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ကော်မတီကိုဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်(၁၀)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပထမအကြိမ် အစည်းအဝေး၏ အရေးကြီးသော ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ UNCTFMR နှင့်ပူးပေါင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကုလသမဂ္ဂမှပေးပို့သော ကလေးသူငယ် များအပေါ် သေကြေထိခိုက်ဒဏ်ရာ ရစေမှုအား အဆုံးသတ်စေရေးနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများအား အဆုံးသတ်စေရေး ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်(၂)ရပ်ကို ပေါင်းစပ်ရေးဆွဲရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များ တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရာတွင် အချိန်တစ်ခု သတ်မှတ်၍ UNCTFMR နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ရန် ရှိပါကြောင်းနှင့် ယခုလုပ်ငန်း စီမံချက်ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကြေထိခိုက်ဒဏ်ရာ ရစေမှုနှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ဟန့်တားကာကွယ်ရေး အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး လုပ်ငန်းစီမံချက်(မူကြမ်း) ရေးဆွဲထားမှုအား ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လုပ်ငန်းစီမံချက်(မူကြမ်း)နှင့်ပတ်သက်၍ လိုအပ်သော အချက်အလက်များကို အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ အစိုးရက ဦးဆောင်၍ရေးဆွဲပြီးသော စီမံချက်မူကြမ်းကို သက်ဆိုင်ရာကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


