နေပြည်တော် ၂၄ ဇူလိုင်

 


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏  ဒုတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ရေဆင်းဆည် ပတ်ဝန်းကျင်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။ 

 


ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများက သတ်မှတ်နေရာ အသီးသီးတွင် ရတနာတန်းဝင်ကျွန်း၊ ပိတောက်၊ မဟော်ဂနီပင်များနှင့် မန်ဂျန်ရှားပင်များအား တစ်အုပ်တစ်မ စုပေါင်းစိုက်ပျိုးကြသည်။

 


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ 

 


ယနေ့ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်း ၃၃၀ ပင်၊ ပိတောက် ၁၂၁၅ ပင်၊ မဟော်ဂနီ ၁၈၂၃ ပင်နှင့် မန်ဂျန်ရှား ၁၁၃၂ ပင် စုစုပေါင်းပျိုးပင် ၄၅၀ဝ ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည် ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအထိ  ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၄၆၂၈၃ ပင်အားစိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 


ထို့အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီးတွင်လည်း မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများကို ဒုတိယအကြိမ်ပြုလုပ်ရာ တပ်မတော်တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းပျိုးပင် ၃၉၄၁၀၁ ပင်အား စုပေါင်းစိုက်ပျိုးနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 


သတင်းစဉ်