နေပြည်တော် ၂၄ ဇူလိုင်
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့၏ ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများအားလုံး သာတူညီမျှ ခံစားရရှိရေးဆိုသည့်မူဝါဒအတိုင်း ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသောလူ့အသိုင်းအဝိုင်းဖြစ်ပေါ်ရေး၊ လူကြောင့်ဖြစ်သော ဘေးဒုက္ခအမျိုးမျိုးအပါအဝင် ဘေးဒဏ်ကိုကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာရေးနှင့် ဘေးဖြစ်ပြီးလျင်လည်း ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ပါကြောင်း၊ ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများ နေထိုင်သော ယာယီခိုလှုံရာစခန်းများသည် ယာယီသာဖြစ်ပြီး ထိုစခန်းများကို ပိတ်သိမ်းရမည်ဖြစ်ပါကြောင်း၊ IDPs စခန်းများပိတ်သိမ်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မဟာဗျူဟာရေးဆွဲပြီးဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားမှု ဆောင်ရွက်ရာတွင် ယာယီခိုလှုံရာစခန်းရှိသူများ၏ သဘောဆန္ဒနှင့်အညီ ၎င်းတို့ မူလနေထိုင်ရာနေရပ်(သို့မဟုတ်) အခြားအများသဘောတူညီထားသော နေရာအသစ် (သို့မဟုတ်) ယခုလက်ရှိရောက်ရှိနေရာတွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာနေရာချ ထားခြင်းတို့ဖြစ်ပါကြောင်း။
မိမိတို့နေထိုင်ခဲ့ ရာဒေသတွင် ပြန်လည်နေထိုင်ပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ပါကြောင်းသို့မှသာ ပြည်နယ်တစ်ခုလုံးသာတူညီမျှ ဖွံ့ဖြိုးတိုးရေး အထောက်အကူဖြစ်မည် ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရာတွင် ရေရှည်တည်တံ့ရန်လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ်ကင်းပြီး ဖွံ့ဖြိုးမှုအတွက် လိုအပ်သောပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာများနှင့် အလုပ်အကိုင်ရရှိရေးတို့ကို မဖြစ်မနေဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် (KHCC)နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်မဟာဗျူဟာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လိုအပ်ချက်မတူညီသဖြင့် မတူကွဲပြားစွာဆောင်ရွက်စီမံကြရမည ဖြစ်ကြောင်း၊ ကချင်ပြည်နယ်နှင့်ပတ်သက်၍ လက်တွေ့ကျသော ယာယီစခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်ထူ ထောင်ရေးတို့အတွက် ထိရောက်သောနည်းလမ်းများကို ဝိုင်းဝန်းအကြုံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက်(KHCC)မှ ဒုဥက္ကဋ္ဌ(၁) ဖာသာရ်ပေါလ်အောင်ဒန်းက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရနှင့်ပြည်သူများအကြား ကြားခံညှိနှိုင်းဆောင်ရွက်ပေးရသည့် အဖွဲ့ဖြစ်ပါကြောင်း၊ အစိုးရဘက်မှလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စများကို ဆောင်ရွက်ပေးပါရန်ပြောကြားသည်။
ယင်းနောက် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် (KHCC) အဖွဲ့နှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များဆွေးနွေးရာ ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ၏ အခြေအနေဆန်းစစ် လေ့လာတွေ့ရှိချက်များအပေါ် အခြေခံ၍ လိုအပ်ချက်များ ပံ့ပိုးကူညီပေးမည့် အစီအစဉ်များ၊ တိုက်ပွဲရှောင် ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် ဦးစားပေးကျေးရွာများရွေးချယ်၍ လုံခြုံစွာနေရပ်ပြန်နိုင်ရေး၊ ပြန်လည်နေရာချထားရေး စီမံချက်ရေးဆွဲတင်ပြရေးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


