နေပြည်တော် ၂၄ ဇူလိုင်
မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ (၂၉)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးအား နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ဆင်ဖြူရှင်ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အစုရှယ်ယာရှင်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာကို ဒါရိုက်တာ ဦးယုလွင်ကလည်းကောင်း၊ ကုမ္ပဏီ၏ နှစ်ချုပ်စာရင်းရှင်းတမ်းနှင့် စာရင်းစစ်အစီရင်ခံစာကို မြန်မာနိုင်ငံစာရင်းကောင်စီမှ အသိအမှတ်ပြုထားသော ဦးလှထွန်းနှင့်အဖွဲ့လီမိတက် (ပြင်ပစာရင်းစစ်အဖွဲ့)မှ ဦးမောင်မောင်အောင်က လည်းကောင်း၊ အမြတ်ဝေစု ခွဲဝေပေးမှုအခြေအနေကို ဒါရိုက်တာ ဦးသန်းဝင်းကလည်းကောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ဒါရိုက်တာ ဦးဧသိုက်ကလည်းကောင်း လုပ်ထုံးလုပ်နည်းအရ ရှင်းလင်းတင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


