ညောင်တုန်း ၂၄ ဇူလိုင်
ညောင်တုန်းမြို့၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များကို ပြောကြားခဲ့ပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူက သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမည့် အခြေအနေများ၊ မြို့နယ် ဆည်မြောင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မိုးခိုင်က ဆည်မြောင်းတာတမံများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် အခြေများကို ရှင်းလင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ မြစ်ကမ်းနံရံ၊ တာတမံ အခြေအနေများအကြောင်း၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပတ်သက်၍ မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝဠာနိုင်(ညောင်တုန်း)


