ဝေဖြိုးဟန် (အင်းစိန်)
အင်းစိန်ဟုဆိုလိုက်သည်နှင့် ထိုအမည်ကို မသိသူ အင်မတန်ရှားပါသည်။ ဘဝတက္ကသိုလ် တက်ခဲ့ဖူးကြသူတိုင်း မမေ့နိုင်သောနာမည်မှာ အင်းစိန်ဖြစ်ပါသည်။ အင်းစိန်ဟူသောအမည်မှာ အမှန်တကယ် အားဖြင့် အဖိုးတန်ရေကန်ဟု မြန်မာဝေါဟာရ ရင်းမြစ်တစ်ခု၌ မှတ်သားဖူးသည်။ မွန်ဘာသာမှ ဆင်းသက်လာ သည်ဟုလည်း ဆိုကြသည်။ မွန်ဘာသာဖြင့် ဆင်ရေကန်ဟုလည်း ခေါ်ဆိုကြကြောင်း ကြားဖူးသည်။
အင်းစိန်ဆိုသည်မှာ
မည်သို့ပင်ဆိုစေကာမူ အင်းစိန်ကို လူသိများစေသော အဓိကအချက်မှာ ကမ္ဘာကျော် အကျဉ်းထောင်ကြောင့် ဖြစ်သည်။ အခြား အထင်ကရပုံရိပ်များကြောင့် အင်းစိန်ကို လူသိများနိုင်သော်လည်း အင်းစိန်ထောင်၏ ကျော်ကြားမှုကို မယှဉ်သာနိုင်ကြပါ။ နိုင်ငံရေးကို စိတ်ဝင်စားကြသော နိုင်ငံခြားသားများအား အင်းစိန် အကြောင်း ညွှန်းမည်ဆိုပါက ရှည်ရှည်ဝေးဝေး ပြောပြနေစရာ မလိုအပ်ပေ။
အင်းစိန်ထောင်ကို သိသလားဟု မေးလိုက်လျှင် သူတို့ ခေါင်းညိတ်ပြကြစမြဲပင်။ ထိုအခါ ထိုအရပ်ဒေသသည် မိမိ နေထိုင်ရာမြို့ ဖြစ်ကြောင်း ပြောပြလိုက်ရုံပင် ဖြစ်သည်။ အင်းစိန်သည် ရှေးယခင်က ပဲခူးခရိုင်အတွင်းမှာ ပါဝင်ခဲ့ပြီး ယခု ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ဖွဲ့စည်းပုံအရ ထည့်သွင်းထားပြီး အချက်အချာကျရာ ခရိုင်မြို့အဖြစ် တည်ရှိနေပါသည်။
အင်းစိန်မြို့နယ်သည် လှိုင်မြစ်ကမ်းနဖူး၌ တည်ရှိပြီး မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ မရမ်းကုန်းမြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။ အင်းစိန်သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့်လည်း နီးသည်။ အင်းစိန်၌ ဘူတာကြီးလည်း ရှိသည်။ water bus ဆိပ်ကမ်းလည်း ရှိသည်။ ခုတင် ၅၀ဝ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးလည်း ရှိသည်။ တီဘီဝေဒနာရှင်များအတွက် အားထားရာ အောင်ဆန်းတီဘီဆေးရုံကြီးလည်း ရှိသည်။ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်စသည့် တက္ကသိုလ်များလည်း ရှိသည်။
ကျောက်တော်ကြီး အဘယလာဘမုနိ ဘုရားကြီးနှင့် စေတီပုထိုး၊ သာသနိက အဆောက်အအုံများ၊ ပရိယတ္တိ စာသင်တိုက်များ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများလည်း ရှိသည်။ ခရစ်ယာန်၊ ဟိန္နူ၊ အစ္စလာမ်ဘာသာ များ၏ အထွတ်အမြတ်ထားရာ သာသနိက အဆောက်အအုံများ၊ ရုပ်ရှင်ရုံ၊ ဈေးများ၊ ပန်းခြံများ၊ ပုဂ္ဂလိကဆေးရုံများ၊ အစိုးရပိုင်စာသင် ကျောင်းများ၊ ကိုယ်ပိုင်စာသင်ကျောင်းများ၊ စက်မှုဇုန်၊ ဂေါက် ကွင်း၊ ဟိုတယ်၊ မိုတယ်စသည်တို့ဖြင့် ပြည့်စုံစွာတည်ရှိသောမြို့ ဖြစ်ပါသည်။ အင်းစိန်ကို ရပ်ကွက်ပေါင်း ၂၁ ရပ်ကွက်နှင့် ဖွဲ့စည်းထားပြီး ဒညင်းကုန်း၊ အောင်ဆန်း၊ စဉ့်ငူ၊ ဖော့ကန်၊ ရွာမအရှေ့၊ တောင်သူကုန်း၊ နံ့သာကုန်း၊ စော်ဘွားကြီးကုန်း၊ ဈေးကုန်းအနောက်စသည့် ရပ်ကွက် ကိုးခုကို မဲဆန္ဒနယ်မြေ (၁)အဖြစ် လည်းကောင်း၊ ရွာမအလယ်၊ ရွာမအနောက်၊ ကွက်သစ်၊ ပေါက်တော၊ ကမ်းနားအလယ်၊ ကမ်းနားအနောက်၊ မြို့သစ်(က+ခ)၊ မြို့သစ်(ဂ)၊ ကြို့ကုန်းအရှေ့၊ ကြို့ကုန်း အနောက်၊ ဈေးကုန်းအရှေ့၊ ပိန္နဲကုန်းစသည့် ရပ်ကွက် ၁၂ ခု ကို မဲဆန္ဒနယ်မြေ(၂)အဖြစ် လည်းကောင်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သတ်မှတ်ပေးထား ပါသည်။
အင်းစိန်မြို့နယ်မှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော လွှတ်တော်ကိုယ်စားလှယ် လေးဦးရှိပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး၊ တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တို့ ဖြစ်ကြသည်။ လွှတ်တော်ကိုယ်စားလှယ် လေးဦးစလုံးသည် ပညာတတ် ဘွဲ့ရများဖြစ်ကြပြီး အင်းစိန်သူ၊ အင်းစိန်သားများ ဖြစ်ကြကာ မိမိတို့ မြို့နယ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ကိုင်နေကြသူများ ဖြစ်သည်။
သုံးနှစ်ကျော်အတွင်း သိသာထင်ရှားသော ပြောင်းလဲမှုများ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရစတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်၍ အင်းစိန်မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် မရပ်မနား ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ယနေ့ ၂၀၁၉ ခုနှစ် နှစ်လယ်အထိ သုံးနှစ်ကျော် ကာလအတွင်း သိသာထင်ရှားသည့် အပြောင်းအလဲများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ခေတ်အဆက်ဆက် ခရိုင် မြို့အဖြစ် တည်ရှိခဲ့ပါသော်လည်း အင်းစိန်မြို့နယ်သူ၊ မြို့နယ်သားများ ဘက်စုံအသုံးပြုနိုင်မည့် မြို့နယ်ခန်းမ တစ်ခုမရှိခဲ့ပါ။ ထိုကွက်လပ်အား အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းမ (ဗဟိုလမ်း)ပေါ်တွင် မြို့နယ်ခန်းမကြီးကို ခမ်းနားထည်ဝါစွာ တည်ဆောက်နေပြီ ဖြစ်ပါသည်။
ထို့အပြင် တစ်ခေတ်တစ်ခါက မြန်မာ့အင်ဂျင်နီယာလောကအတွက် အားကိုးအားထားပြုရသည့် အင်းစိန်ဂျီတီ အိုင်ကျောင်းကြီးကို နှစ်ရှည်လများစွာ ပိတ်ပစ်ထားခြင်းမှ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းပေးနိုင်ခဲ့ပါသည်။ ယခင် အာဏာရှင်အစိုးရများက အကြောင်းပြချက်မရှိ ပိတ်ပစ်ပြီး အကျဉ်းထောင်သဖွယ်၊ ရဲစခန်းသဖွယ် အသုံးချထားခြင်း ခံနေရသည့် သမိုင်းအစဉ်အလာ ကြီးမားသော အင်းစိန် ဂျီတီအိုင်ကျောင်းကြီးအား ယခုအခါ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်သင်ယူလေ့လာနိုင်သည့် ကျောင်းတော်ကြီးအဖြစ် အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
အင်းစိန်ဂျီတီအိုင် ကျောင်းကြီးနှင့်အတူ ယခင်အခေါ်အဝေါ်အရ အောင်ဆန်း စက်မှုလက်မှု သိပ္ပံကျောင်းအား ဂျပန်အစိုးရ အကူအညီဖြင့် ယခုအခါ ဂျပန်-မြန်မာ အောင်ဆန်းစက်မှုနှင့် သက်မွေးပညာ သင်တန်းကျောင်း အဖြစ် အမည်ပြောင်းကာ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ သိပ်မကြာတော့ မည့်ကာလ၌ အင်းစိန်ဂျီတီအိုင်နှင့် ဂျပန်-မြန်မာ အောင်ဆန်းကျောင်းများမှ ကျွမ်းကျင်အင်ဂျင်နီယာ ကျောင်းသားများ မွေးထုတ်ပေးနိုင်တော့မည် ဖြစ်ပါသည်။ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုပေးနိုင်တော့မည် ဖြစ်ပါသည်။
အင်းစိန်မြို့နယ်တွင် လျှပ်စစ်နှင့် ပတ်သက်၍ ရှုပ်ထွေးဆားဗစ်ကြိုးများကို တစ်နှစ်ခွဲနီးပါး ကြာအောင် သေချာအချိန်ယူ ရှင်းလင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ လမ်းသူ လမ်းသားများက ဓာတ်တိုင်စိုက်ရန် တာဝန်ယူကြပြီး နိုင်ငံတော်မှ လိုင်းကြိုးများ တပ်ဆင်ပေးခြင်းကို တာဝန်ယူ၍ တက်ညီလက်ညီ ပူးပေါင်း လုပ်ကိုင်ခဲ့ကြရာ ယခုဆိုလျှင် အင်းစိန်မြို့နယ်အတွင်း ရှုပ်ထွေးဆားဗစ်ကြိုးပြဿနာ မရှိသလောက် ရှားသွားခဲ့ပြီ ဖြစ်ပါသည်။ ထို့အပြင် အင်းစိန်မြို့နယ်၏ အဓိက လမ်းမကြီးများဖြစ်သော ပြည်လမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ အောက်မင်္ဂလာဒုံလမ်းတို့တွင် လမ်းမီးများ ထိန်ထိန်ညီးနေပြီ ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ အင်းစိန်သူ၊ အင်းစိန်သားများ မျှော်လင့်တောင့်တနေခဲ့ကြသည့် လမ်းမီးများ ယခု လင်းထိန် ခဲ့ပါပြီ။ ကျန်ရှိနေသေးသော လမ်းမများကိုလည်း အမြန်ဆုံးလမ်း မီးများတပ်ဆင်နိုင်ရေး လွှတ်တော် ကိုယ်စားလှယ်များဘက်က ကြိုးစားလျက်ရှိပါသည်။
၂၀၁၆ မှ ၂၀၁၉ ခုနှစ် အထိ သုံးနှစ်ကျော်ကာလအတွင်း အင်းစိန်မြို့နယ်၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဘတ်ဂျက်အပြင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ဘတ်ဂျက်များဖြင့် ကွန်ကရစ်လမ်းသစ်ပေါင်း အရှည်/အတို ၁၂၀ ကျော် ခင်းကျင်းပေးနိုင်ခဲ့ပြီး ရေစီးရေလာကောင်းမွန်ရေး အတွက် အဓိကချောင်းကြီး၊ မြောင်းကြီးများအား တူးဖော်ခြင်း လုပ်ငန်းများကို နှစ်စဉ်မပျက် ဆောင်ရွက်ပေး လျက် ရှိပါသည်။ ထင်သာမြင်သာရှိသော လုပ်ငန်းမှာ ဖော့ကန်ဘူတာနှင့် ဒညင်း ကုန်းဘူတာကြား မီးရထားသံလမ်းဘေးတစ်လျှောက် မြေသားမြောင်းကြီးကို တူးဖော်ပေးနိုင်ခဲ့သဖြင့် နှစ်စဉ်မိုးရာသီ၌ ရေနစ် မြုပ်လေ့ရှိသော ဖော့ကန်၊ အောင်ဆန်း၊ စဉ့်ကူရပ်ကွက်များ ရေကြီးရေလျှံမှု ဘေးဒုက္ခများမှ အထိုက်အလျောက် ကင်းလွတ်နိုင်ခဲ့ကြပြီ ဖြစ်ပါသည်။ သို့သော် ရပ်ကွက်အတွင်းလမ်းများထဲရှိ မိမိတို့ အိမ်ရှေ့ရေမြောင်းများကို မိမိတို့ကိုယ်တိုင် တူးဖော်ရှင်းလင်းခြင်း မပြုလုပ်ပါက မည်မျှပင် ရေဆင်းမြောင်းကြီးများ တူးပေးထားစေကာမူ ရေကြီးရေလျှံမှုများကတော့ ဆက်ဖြစ်နေဦးမည် ဖြစ်ပါသည်။
သန့်ရှင်းသာယာလှပရေးကိုပါ ဖော်ဆောင်ရွက်
အင်းစိန်မြို့နယ်၌ ကွန်ကရစ်လမ်းများ ဦးစားပေးခင်းကျင်း ပြီးသည့်နောက် ရေစီးရေလာ ကောင်းမွန်ရေး အတွက် အုတ်ရေမြောင်းများ၊ စင်္ကြံပလက် ဖောင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ အင်းစိန် ပန်းခြံတစ်ဝိုက်၊ မီးရထားခုံးကျော်တံတားအောက်၌ လည်းကောင်း၊ ဗဟိုလမ်းနှင့် ဘူတာရုံလမ်းဆုံရာ အင်းစိန်မီးရထား ဘောလုံးကွင်း ထောင့်နေရာ၌လည်းကောင်း၊ ပြည်လမ်းနှင့် မင်းဓမ္မလမ်းဆုံ နေရာ၌ လည်းကောင်း အများပြည်သူသွားလာနိုင်ရေး လွယ်ကူလုံခြုံဘေးကင်းရန် စင်္ကြံပလက် ဖောင်းများ ပြုလုပ်ထားရှိပြီး ဖြစ်ပါသည်။ အဓိက လမ်းဆုံလမ်းခွများ၌ ဧရိယာ မက်စ်ဟုခေါ်သည့် မီးတိုင်ရှည် အမြင့်များကိုလည်း နေရာစုံနီးပါး တပ်ဆင်ပေးထားပြီးလည်း ဖြစ်ပါသည်။
ထူးခြားမှုတစ်ခုအနေဖြင့် အင်းစိန်ဘီအိုစီကွေ့နေရာအား မူလအကျယ် ၃၆ ပေရှိထားရာမှ လမ်းသား ၄၈ ပေ အကျယ် ထပ်ချဲ့ ပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါနေရာသည် အင်းစိန် ပန်းခြံဘက်မှ ဘီအိုစီကွေ့သို့ဝင်ပြီး အင်းစိန်လမ်းမကြီးပေါ် တက်ရောက်မည့် ကားများအတွက် အလွန်ကျဉ်းမြောင်းသော နေရာဖြစ်ပါသည်။ ထို့ကြောင့် အင်းစိန်လွှတ်တော်ကိုယ်စား လှယ်များ၏ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ယခင်က ပုလင်းထိပ်ဖူးကဲ့သို့ ကျဉ်းမြောင်းနေခဲ့သော ဘီအိုစီ ကွေ့လမ်းသည် ယခုအခါ ကျယ်ကျယ်ဝန်းဝန်းဖြင့် အဆင်ပြေချောမွေ့ သွားခဲ့ပြီဖြစ်ပါသည်။ အထူးသဖြင့် လမ်းသားအကျယ် ချဲ့ထွင်နိုင်ရေး ကူညီဆောင်ရွက် ပေးခဲ့ကြသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ အင်းစိန် မီးရထားစက်ခေါင်း စက်ရုံမှူးတို့အား ကျေးဇူးအထူးတင်ရမည် ဖြစ်ပါသည်။
အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များသည် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး ကိစ္စရပ်ပေါင်းများစွာကို လွှတ်တော်တွင်းသို့ ယူဆောင်သွားခြင်း မရှိရလေအောင် ဆောင်ရွက်လေ့ရှိကြပါသည်။ ဌာနဆိုင်ရာများမှလည်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းကောင်းဖြင့် အကောင်အထည်ဖော် လုပ်ကိုင်ခဲ့ ကြရာ အင်းစိန်သည် ယခင်ကနှင့် မတူတော့လောက်အောင်ပင် အများကြီး ပြောင်းလဲတိုးတက် နေခဲ့ပြီ ဖြစ်ပါသည်။ လမ်း၊တံတား၊ ရေစီးရေလာ၊ စင်္ကြံပလက်ဖောင်း၊ လမ်းမီးကိစ္စရပ်များ အဆင်ပြေလာသကဲ့သို့ ရေသန့်ရရှိ နိုင်ရေးကိုလည်း အထူးစီမံချက်တစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ရပ်ကွက် တော်တော်များများ ရေသန့်ရရှိမှု ရာခိုင်နှုန်းတိုးတက်လာပြီ ဖြစ်ပါသည်။
အမှိုက်နှင့် ပတ်သက်၍လည်း ရှေ့ပြေးစီမံချက်အဖြစ် အင်းစိန်မြို့သစ်(က+ခ)ရပ်ကွက်နှင့် အောင်ဆန်း ရပ်ကွက်များအတွင်း ရက်ခြား အထုပ်ကောက်စနစ်ကို ကျင့်သုံးလည် ပတ်စေခဲ့ရာ အသားကျလာခဲ့ပြီ ဖြစ်ပါသည်။ မိမိတို့အိမ်ရှေ့မှာပင် အမှိုက်ထုပ်ကို ချထားပေးရုံဖြင့် စည်ပင်သန့်ရှင်းရေး ဝန်ထမ်းများက သတ်မှတ်အချိန်များတွင် လာရောက်ကောက် ယူသိမ်းဆည်းပေးသွားသည့် အစီအစဉ်ဖြစ်ပါသည်။ အခြား ရပ်ကွက်များသို့လည်း ထိုအစီအစဉ်ကိုစတင်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ အထူးသဖြင့် သန့်ရှင်းရေးဌာနမှ အမှိုက်သိမ်းဆည်း ယာဉ်နှင့် ဝန်ထမ်းအင်အား ထပ်မံတိုးချဲ့ပေးရန် လိုအပ်ချက် ရှိနေကြောင်း တွေ့ရပါသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက အင်းစိန်မြို့နယ်အတွင်း အမှိုက်စနစ် သန့်ရှင်းသပ်ရပ် သွားမည်ဖြစ်ကြောင်း ယုံကြည်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပြီး စုပေါင်းဖြေရှင်းပေး
အင်းစိန်အကြောင်း ပြောရမည်ဆိုပါက ကုန်နိုင်မည်မထင်။ လုပ်ဆောင်ထားချက်များစွာထဲမှ အထူးကောက်နုတ် တင်ပြထားရခြင်း ဖြစ်ပါသည်။ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များသည် အပတ်စဉ် စနေနေ့တိုင်း လွှတ်တော်ကိုယ်စားလှယ်များ ရုံးဖွင့်လှစ်ပြီး ကိုယ်စားလှယ် လေးဦးစလုံး ရုံးထိုင်ကာ ပြည်သူလူထုအခက်အခဲများကို ကူညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ လွှတ်တော်နားရက်များတွင် မြို့နယ်အတွင်းသို့ လှည့်လည်၍ ဘတ်ဂျက်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး နိုင်ငံတော် ဘဏ္ဍာငွေများ လေလွင့်ပျောက်ဆုံးမှု မရှိစေရေး ထိန်းကျောင်းပေးလျက်ရှိပါသည်။
ကျန်းမာရေးနှင့် အားကစားကဏ္ဍ၊ ဘာသာရေး၊ လူမှုရေး ကဏ္ဍများတွင်လည်း လစ်ဟာမှုမရှိစေရေး ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုများကို အထူးအာရုံစိုက် အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုတော့ ဆက်လက် လုပ်ဆောင်နေရဦးမည် ဖြစ်ပါသည်။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ကူညီမှု သည်လည်း အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါသည်။ မိမိတို့ မြို့ ရွာ ဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသပ်ရပ်လှပကာ နေချင်စဖွယ် ကောင်းသော ဝန်းကျင်ကောင်း တစ်ခုအဖြစ် ပုံဖော်ကြသည့်နေရာတွင် အပြန်အလှန်နားလည်ယုံကြည်မှု၊ စည်းကမ်းလိုက်နာမှု၊ ဥပဒေကို လေးစားလိုက်နာမှုများရှိရန် အထူးအရေးကြီးပါကြောင်း တင်ပြလိုက်ရပါသည်။ ။
ဦးဝေဖြိုးဟန်
ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ် (၂)လွှတ်တော်ကိုယ်စားလှယ်