မိုးညှင်း  ၂၅  ဇူလိုင်


လူဦးရေစာရင်း အချက်အလက်နှင့် အခြေခံ မဲဆန္ဒရှင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဇူလိုင် ၂၄ ရက်က  မိုးညှင်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းတွင် သင်တန်းနည်းပြများဖြစ်သည့် မိုးညှင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၊ မြို့နယ် လဝကဦးစီးမှူး ဦးစိုးသူ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးတို့က လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်းများ ကောက်ယူပြုစုခြင်းဆိုင်ရာ အကြောင်းအရာများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး သင်တန်းတက်ရောက်သူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။


ယခုသင်တန်းတွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀)အုပ်စုမှ  ရပ်/ကျေး လူဦးရေစာရင်း ကောက်ယူရေး လုပ်ငန်းအဖွဲ့များ၊ ရပ်/ကျေးလူဦးရေ မြေပြင်အမှန်တစ်ကယ်စာရင်း ကောက်ယူရေးအဖွဲ့များ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့သည်။


မြို့နယ် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်း အဖွဲ့အနေဖြင့် ဇူလိုင် ၁၈ ရက်တွင် ဟိုပင်ဒေသစိတ်၊ ၂၀ ရက်တွင် နန့်မွန်းဒေသစိတ်၊ ၂၂ ရက်တွင် အင်းတော်ကြီးဒေသစိတ်နှင့် ညောင်ပင်ဒေသစိတ်၊ ၂၃ ရက်တွင် နန်းမားဒေသစိတ်များရှိ လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့များအား ဆင့်ပွားသင်တန်းများ ပို့ချဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။


ကျော်ကျော်ထွေး(မိုးညှင်း)